Friday, August 13, 2010

အချစ်တော်လေး နှစ်ကောင် (၃)

(Photo from Google)


ကျောင်းပိတ်ရက် တရက်မှာ သူနဲ့ အတူတူ အသိတယောက်အိမ်ကို သွားလည်ရင်း အဲဒီအိမ်မှာ တယ်ရီယာ ခွေးပုပုလေး တကောင်ကို တွေ့ခဲ့တယ်…။ ခွေးလေးက ဖြူ လုံးပုပြီး ချစ်စရာ အတော် ကောင်းလွန်းတော့ အမှတ်မရှိတဲ့ ကိုယ်က ထုံးစံအတိုင်း ခွေးလေး လိုချင်တယ်၊ ခွေးလေး မွေးချင်တယ် ဖြစ်ပြန်တယ်…။ ဒီတခါတော့ သူက အရင်တခါ ကြောင်လေးတုန်းကလို အလွယ်တကူ ဘာမှ မပြောဘူး…။ ခင်ဗျားလေးနဲ့ ခွေးနဲ့ မဖြစ်ပါဘူး လို့ ပြောတယ်။ ဒါနဲ့ ကိုယ်လဲ မေ့မေ့ပျောက်ပျောက် ထားလိုက်ရာက….

အိမ်မှာ အလှမွေးတဲ့ ခွေးလေးတွေရဲ့ သဘာဝက အချိန်တန် အရွယ်ရောက်ရင် ပတ်သက်ရာ ပတ်သက်ရာ အသိ မိတ်ဆွေတွေက တဆင့်၊ ဒါမှ မဟုတ် ဆေးခန်းတွေ ဆရာဝန်တွေက တဆင့် ဆွေမျိုးစပ်စရာ ရှာရတယ်။ လျှောက်ပတ် တင့်တယ် ရွေးချယ်… မျိုးနွယ်တူ ဆွေ… ဆိုတာလိုပေါ့…။ ပြီးတော့ ခွေးသားလေးတွေ ပေါက်လာရင် အထီးလေးဖက်က လှပေ့ဆိုတဲ့ တကောင် စိတ်ကြိုက် ရွေးယူလို့ရသတဲ့…။ အဲဒီအသိအိမ်က တခါက ခွေးလေး လိုချင်တယ်လို့ ကိုယ်ပြောခဲ့တာ မှတ်မိနေတော့ သူတို့ ခွေးလေး သားစပ်ပြီး ကြိုက်ရာ တကောင်ရွေးယူလို့ ရတဲ့ အချိန်မှာ ခွေးပေါက်စလေး တကောင်ကို ကိုယ့်အတွက်ဆိုပြီး သတိတရနဲ့ သူ့ဆီကို လာပို့သွားလေတယ်…။

ကိုယ်တို့အိမ်သားတွေကလဲ ကြောင်လေး သေသွားတဲ့ နောက်ပိုင်း ဘာမှ မမွေးတော့ဘူးလို့ ပြောထားပေမယ့် သူ့အိမ်မှာက ဂျာမန်ခွေး အကြီးကြီးတွေနဲ့ဆိုတော့ ဒီခွေးပိစိကို မွေးထားဖို့ကလဲ မဖြစ်၊ ဒီလိုနဲ့ပဲ နောက်ဆုံးတော့ သူလဲ အဲဒီခွေးလေးချီပြီး အိမ်ကို ရောက်လာရတာပေါ့…။ ကြောင်ကလေး မရှိတော့တဲ့ နောက်ပိုင်းမှာ ဘာအကောင်မှ မမွေးတော့ဘူးလို့ ယတိပြတ် တွေးထားကြတဲ့ အိမ်သားတွေဟာ ခွေးနဲ့ မတူ ဝက်ဝံလေးနဲ့သာ တူနေတဲ့ အမွှေးပွအကောင် လုံးလုံးလေးကို တွေ့တော့ မြင်မြင်ချင်း အသည်းတယားယားနဲ့ တယောက် တလှည့် ချီကြည့်ကြပြီး ချက်ချင်းကို ထိန်းမရာ သိမ်းမရ ချစ်မိကြပြန်တယ်။ တကိုယ်လုံး ဖြူဖွေးပြီး နုအိနေတဲ့ အမွှေးလေးတွေနဲ့ အရည်လည်နေတဲ့ မျက်လုံး ဝိုင်းဝိုင်း နက်နက်လေး နှစ်လုံးရဲ့ဘေး ပတ်ပတ်လည်မှာ အမည်းရောင်လေးတွေ နဲနဲပါတော့ ပန်ဒါလေးနဲ့လဲ တူနေပြန်သေးတယ်။ မျက်နှာလေးက သိပ်ချောပြီး သိပ်ချစ်စရာကောင်းတဲ့ တယ်ရီယာ ခွေးအမလေးပါ… (ပုံထဲက ခွေးလေးထက် အများကြီး ပိုချစ်စရာ ကောင်းပါတယ်…)

သူလေး အိမ်ကိုရောက်လာတော့ မှတ်မှတ်ရရ ၂၄ ရက် သမီး…။ လာပေးတဲ့ အသိ အန်ကယ်ကြီးက နို့မခွဲသေးတဲ့ အကောင်လေးအတွက် နို့ဗူးနဲ့ နို့မှုန့်လဲ တခါတည်း ယူလာပေးပါတယ်… ဒီထက် အသက်ကြီးမှ ခွဲရရင် လူတွေကို မယဉ်မှာ စိုးလို့ စောစောခွဲလာခဲ့တာလို့ ပြောပါတယ်။ ဘုရားရေ… ဒီလိုဆိုတော့ ဒါလေးကိုလဲ နို့ဗူးနဲ့ မွေးရချေအုံးတော့ မပေါ့ လို့ တွေးရင်း မေမေနဲ့ တယောက်မျက်နှာ တယောက် ကြည့်မိကြတယ်…။ ဒါပေမယ့် ဒီကောင်လေးက နို့ဗူးကို ကလေးငယ်တယောက်လို ကောင်းကောင်းစို့တတ်တော့ အတော် အဆင်ပြေပါတယ်။

အဲ… ပြဿနာက ည အိပ်ခါနီးမှာ စတယ်…။
သူ အိပ်ဖို့ မေမေက ကိုယ့်အခန်းထဲမှာ ခြင်းကလေးချပြီး စောင်ထူထူလေး ခင်းပေးတယ်… အစကတော့ ဟုတ်မလိုလိုနဲ့ သူလေးက အဲဒီခြင်းထဲမှာ မျက်လုံးလေးစင်းပြီး ငြိမ်လို့…။ ခဏနေတော့ အားလုံး မီးတွေ ပိတ်ပြီး အိပ်ကြတော့မှ တစခန်းထတော့တာပါပဲ…။ သူလေးက မအိပ်ဖဲ တအီအီနဲ့ အဆက်မပြတ် အော်နေတော့တာလေ… သူ့အနားသွားပြီး သူ့ကို အသာလေး ပွတ်ပေးလိုက်ရင် အသံ တိတ်သွားတယ်… သူ့အနားက ထပြီး ကိုယ့်အိပ်ယာကို ကိုယ်ပြန်သွားလိုက်ရင် ပြန်အီနေပြန်တယ်… ဒီလိုနဲ့ ကိုယ်လဲ သူ့ခြင်းလေးနဲ့ ကိုယ့်အိပ်ယာနဲ့ကို အခေါက်ခေါက် လူးလာ ခေါက်ပြန်နဲ့ သန်းခေါင်ကျော်သွားတယ်…။ ဟင်… မွေးချင်အုံးဟဲ့… ခွေးလှလှလေး လို့တောင် ရေရွတ်မိတဲ့ အထိပါပဲ…။

တဖက်က တွေးကြည့်တော့လဲ ၂၄ ရက်သားကလေး အမေနဲ့ ခွဲလာရတာလေ လို့ သနား ဂရုဏာဖြစ်မိတယ်… သူ့အသံကြောင့် အိမ်သားတွေ နိုးမှာစိုးတော့ မနက် ၄ နာရီလောက်အထိ သူ့အနားမှာ မျက်လုံးအကြောင်သားနဲ့ ထိုင်နေပေးရင်းက စိတ်ထဲ အကြံတခုရပြီး ကိုယ့်အိပ်ယာပေါ်က အမွှေးပွ ဝက်ဝံရုပ်နှစ်ခုကို သူ့အနား ချပေးလိုက်တယ်… အဲဒီမှာပဲ ဝမ်းသာ ဝမ်းနည်း ဖြစ်ရပ်နှစ်ခု တွေ့ရတယ်…။ ဝမ်းသာစရာက သူလေးက အရုပ်တွေချပေးလိုက်တော့ အဲဒီအရုပ်တွေကြား တိုးဝင်ရင်း အော်တာ ရပ်သွားတယ်။ ဝမ်းနည်းစရာလေးက သူက သူ့အမေ ရင်ခွင်မှာ အမွှေးပွ မွေးချင်းတွေနဲ့ အတူတူ လုယက် တိုးဝှေ့ပြီး နေနေရာကနေ အခုလို တကောင်တည်း လွတ်လွတ်ကြီး နေရတော့ မွှေးပွ ဝက်ဝံရုပ်တွေကို သူ့အမေတို့ သူ့ ညီအကို မောင်နှမတွေတို့ အနေနဲ့ တိုးခွေ့လူးလှိမ့်ပြီး ပျော်သွားတာကို တွေ့ရလို့ပါပဲ…။ သနားပါတယ်နော်…

နောက်နေ့တွေမှာလဲ ကိုယ့်ရဲ့ ဖေးဖရိတ် ဝက်ဝံရုပ်တွေကို သူ အိပ်ဖို့ အတွက် အပိုင်ပေးလိုက်ရတော့တယ်…။ အဲတော့မှ သူလေးလဲ အိပ်ကောင်းခြင်းအိပ်ရ ကိုယ်လဲ အိပ်ကောင်းခြင်း အိပ်ရလေတော့တယ်…။ နို့တိုက်ပြီး မွေးရင်းနဲနဲကြာလာတော့ မေမေက ထမင်းနဲ့ ငါးတို့ ပုဇွန်တို့ရောပြီး ဝါးကျွေးတယ်… ဘယ်လောက် အကဲပိုလိုက်မိသလဲ ဆိုရင် သူလေးဟာ ငါးကို အရိုးပါရင် မစားတတ်ပါဘူး ကြက်ရိုးတွေ ဘာတွေတွေ့လဲ မကိုက်တတ်ပါဘူး။ လူကြီးတွေ အလိုလိုက်ရင် ကလေးတွေတင် အကျင့်ပျက်တတ်တာ မဟုတ် ခွေးကလေးတွေလဲ အကျင့်ပျက်တတ်ကြတာပါပဲလား လို့တောင် တွေးမိသေးတယ်။

လူတွေနဲ့ သိပ်ယဉ်ပါးတဲ့ ဒီအကောင်လေးဟာ နားလည်မှု နဲ့ အသိဥာဏ်မှာ ကြောင်ထက် သိသိသာသာကြီးကို ကွာခြား မြင့်မားပါတယ်…။ အိမ်နီးချင်းတွေက အဲဒီအကောင်လေးကို ခွေးလို့ကို မထင်ကြဘူး၊ ဝက်ဝံလေးလား ပန်ဒါလေးလားလို့ပဲ မကြာခဏ အမေးခံရပါတယ်။ ကိုယ်တို့ တအိမ်လုံးကလဲ ဘယ်လောက်ချစ်သလဲဆို ခွေးကို ခွေး လို့ တောင် အမည်တပ်ပြီး အသံထွက် မခေါ်ရက်တဲ့ အထိ ချစ်ပါတယ်။ သူများတွေက ခွေးလေးက လှလိုက်တာ တို့၊ ခွေးလေးက ချစ်စရာကောင်းလိုက်တာ တို့ လာပြောရင်တောင် ဝမ်းသာစရာဖြစ်ပေမယ့် ခွေး ဆိုတဲ့ အသုံးအနှုန်းကြောင့် မျက်စေ့ မျက်နှာပျက်မိတဲ့ အထိ အကဲပိုကြပါတယ်။

(ဆက်ရန်)

18 comments:

  1. ဟီး... မသက်ဝေတို့ ပါပီလေးက တော်တော်ချစ်ဖို့ကောင်းမှာပဲ ...
    (ခွေးလို့ ခေါ်ဘူးနော်... :P)

    ReplyDelete
  2. ဆင်ခြေ
    :((((((((((((((((((((((((((((((((((((((((((((

    ReplyDelete
  3. ခွေးဆို အကုန်ချစ်တယ် အစ်မပြောပုံ အရ အတော်လှမှာဘဲ ပုံလေးရှိရင်တင်ပါအုံးနော်

    ReplyDelete
  4. အဲဒီ သဝေထိုး ခကွေး ဝဆွဲ ဝစ်စ နှလုံးပေါက်က နာမည်က ဘာတဲ့တုန်း....

    ReplyDelete
  5. အစ်မသက်ဝေ... ကျွန်တော်လဲ ကျွန်တော့်သားကို သတိရသွားပြီ... သားကို လွမ်းလိုက်တာာာာာာာာာာာာ...
    ဒီပို့စ်အတွက်ကျေးဇူးပါ...

    ReplyDelete
  6. ဓာတ်ပုံလေးရှိရင်ကောင်းမယ်နော်... စာဖတ်ရတာနဲ့တင် ချစ်စရာကောင်းနေတော့ မြင်ဘူးချင်လိုက်တာ

    ReplyDelete
  7. ခရမ်းချဉ်သီးAugust 13, 2010 at 11:34 PM

    ဟုတ်တယ်မမ ... ကိုယ့်သံယောဇဉ်လေးတွေကို မိသားစုဝင်လို သဘောထားတာ .. အမြဲစကားပြောနေတာ သူတို့ ကလဲ ဘာပြောလဲဆိုတာ နားလည်တယ် .. ခွေးလို့ ကြောင်လို့ ခေါ်ရင် ညီမတို့ လဲမကြိုက်ဖူး .. အဟုတ်ပဲ

    ReplyDelete
  8. ကိုယ့်အိပ်ယာပေါ်က အမွှေးပွ ဝက်ဝံရုပ်နှစ်ခုကို သူ့အနား ချပေးလိုက်တယ်… ဆိုတဲ့နေရာမှာ မသက်ဝေရဲ့ အကြင်နာစိတ်လေးကို လှမ်းမြင်လိုက်မိပြီး သဘောတကျ ပြုံးလိုက်မိတယ်..
    တော်တော်ချစ်စရာကောင်းမဲ့ အကောင်လေးဘဲ..
    ဖတ်တဲ့သူတောင် ချစ်စရာကောင်းတယ်လို့ ထင်နေရင် တကယ်အပြင်မှာသာဆို ပိုပြီး ချစ်ဖို့ကောင်းမှာ သေချာတယ်..

    ReplyDelete
  9. သိဘူး..
    သိဘူး..
    ချစ်ဖူး..
    ကြောက်တယ်...

    ReplyDelete
  10. ဟုတ်တယ် သိပ်ချစ်ဖို့ ကောင်းသိပ်သိတတ်ရင် ခွေးမဟုတ်တော့ဘူး။

    ReplyDelete
  11. ဘာဘဲပြောပြော ကြောက်တာဘဲ။

    ReplyDelete
  12. ရှိခဲ့ဘူးတဲ့ ခွေးလေးတွေ ကို သတိရသွားပြီ မသက်ဝေရေ ... တကောင်တည်းမှာပဲ ချစ်စနိုးနဲ့ ပေးထားတဲ့ နာမည်တွေ အမျိုးမျိုး ရှိသေးတယ်။ ဘာနာမည်ခေါ်ခေါ် သူ့ကို ခေါ်မှန်း သိတယ်လေ။ တခြားသူက ခွေးလို့ ခေါ်တာကိုတော့ လုံးဝ မကြိုက်။ ဆက်ရေးပါဦး။

    မချို

    ReplyDelete
  13. ဟယ်...မမသက်ဝေရယ် ၀က်ဝံကိုသူ့အမေအမှတ်နဲ့ တိုးဝှေ့နေတဲ့ပုံကို မြင်ယောင်မိပြီး သနားလိုက်တာ..။
    ဒါပေမယ့် မမကွန်လိုပဲ...ဘာပဲပြောပြောကြောက်တယ်..။ ဘာအကောင်မှမမွေးဖူးဘူး ဒီနေ့ထိ..။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  14. ကျွန်တော်ကတော့ခွေးနဲ့ကြောင်ကိုတော်တော်ချစ်တာ..
    အိမ်မှာ ဂျက်ကီဆိုတဲ့ မွန်ဂို ခွေးအမျိုးအစားတစ်ကောင်
    ၇ှိတယ်။တောလိုက်အရမ်းတော်တယ်...ပြောရင်းသတိရလာပြီ..အဟင့်...

    ReplyDelete
  15. အမ...
    ခုတလော...
    သွားသုတ်သုတ်၊ လာသုတ်သုတ်
    ဘလော့ဖတ်တာ သုတ်သုတ်နဲ့မို့ နှုတ်မဆက်ဖြစ်တာ...
    စိတ်နူးညံ့တဲ့သူတွေဟာ တရိစ္ဆာန်တွေကို ချစ်တယ်တဲ့...
    အမရေးတာလေးတွေဖတ်ရတာ နူးနူးညံ့ညံ့လေးတွေ...
    လူလေးလိုပဲ...
း-)

    အမမေးထားတာ မဖြေရသေးလို့ ဒီမှာပဲ ဖြေလိုက်တော့မယ်နော်....စောရီး...
    အမ သူငယ်ချင်းက နောက်ထပ် ဆေးစစ်စရာကျန်သေးတယ်... အဲသာပြီးမှ ဆေးသောက်ရမှာ... အဲသာကို ခုထိ သွားမစစ်သေးပဲ ပေကပ်နေတယ်တော့.... တကယ်ပဲ....

    ReplyDelete
  16. ဖတ်ရရုံနဲ့တင် ပါပီလေးက ချစ်စရာကောင်းလိုက်တာ။

    ReplyDelete
  17. အကြည်ပြောတဲ့ ကောင်လေးနာမည်က ဘာလဲဟင်။ များတို့တော့ အဲဒီအကောင်လေးတွေကို အဲလောက်မဟုတ်ဘူး။ မီညောင်လေးတွေကိုပဲချစ်တယ်။

    မွှေးပွရုပ်လေးတွေနဲ့ နေတယ်ဆိုတော့ သနားထှာ။
    သဝေထိုးခခွေးဝဆွဲဝတ်စပေါက် လို့ မခေါ်ဘူးနော်း)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...