Sunday, August 15, 2010

အချစ်တော်လေး နှစ်ကောင် (၄)

အချစ်တော်လေး နှစ်ကောင် (၃)

သူကလေးဟာ နဲနဲကြီးလာတော့ လူလည်ကျလာတယ်၊ သူ့နေရာမှာ သူ မအိပ်တော့ဘူး ကိုယ့်အိပ်ယာပေါ် တက်အိပ်တယ်… အစကတော့ ခြေရင်းလေးမှာ… နောက်တော့ အလယ်လောက်မှာ… နောက်ဆုံးမှာတော့ ကိုယ့်လက်မောင်းပေါ် ခေါင်းအုံးပြီး အိပ်တဲ့အဆင့်ကို ရောက်သွားပါတော့တယ်…။ မသိချင်ယောင်ဆောင်ပြီး စောင်ကို ဖယ်မပေးရင် သူ့ လက်ကလေးနဲ့ ပုတ်ပြီးနှိုးတတ်ပါတယ်။ အဲဒါမှ မဖယ်ပေးပဲ ထားလိုက်ရင် နောက်နည်းတမျိုးကို ပြောင်းသုံးပြီး နှိုးပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ အမြဲတမ်းလိုလို အေးစက်နေတတ်တဲ့ သူ့နှာခေါင်းထိပ်လေးနဲ့ ကိုယ့်မျက်နှာကို လာလာတို့ပြီး နှိုးတတ်တာပါ။ အဲလိုနှိုးရင် ချစ်စရာကောင်းလွန်းလို့ မဖယ်ပေးပဲ လုံးဝမနေနိုင်ဘူးဆိုတာ သူ သေသေချာချာ သိနေတယ်လေ…။

မောင်လေးကိုဆိုရင်တော့ ပိုနိုင်စားတတ်တယ်… မောင်လေး ဆံပင်တွေကို မနာအောင် ကိုက်ဆွဲပြီး နှိုးတတ်တယ်… သူနဲ့ဆော့ပြီးတိုင်း မောင်လေးက ခေါင်းလျှော်ပစ်ရတာချည်းပဲ။ ဒီလိုနဲ့ အကောင်လည်လေးဟာ ကိုယ့်အနားမှာတလှည့် မောင်လေးနားမှာ တလှည့် မေမေ့နားမှာ တလှည့် တညကို တခန်းစီ လှည့်ပြီး အိပ်တတ်ပါတယ်။

ကြောင်ကလေးနဲ့ တူတဲ့ တချက်က သူလဲ မေမေ့စိတ်ပုတီးကို ဆော့တတ်တယ်။ မေမေ ခဏ ခဏ စိတ်မကောင်းဖြစ်ရတဲ့ အချိန်လေးပေါ့။ ပြီးတော့ သူ့ရဲ့ရယ်စရာကောင်းလှတဲ့ အချက်တွေက ကိုယ်တို့ ကိုကာကိုလာသောက်ရင် သူလဲ အတင်းတောင်း သောက်တယ်၊ ပြီးရင် လူတွေထက် အရင် လေတက်တတ်တယ်။ ကိုယ်တို့ လိမ်မော်သီးစားလဲ အတင်း လိုက်စားတယ်၊ ပြီးရင် ဝမ်းပျက်တယ်။ ဖေဖေ ဖုန်းဆက်လို့ ကိုယ်တို့ ဖုန်းပြောရင် သူလဲ အနားကိုရောက်လာပြီး တအီအီနဲ့ အသံပေးတတ်လို့ ဖေဖေနဲ့ ဖုန်းပြောချိန်ထဲက တချို့ကို သူ့ကိုလဲ ခွဲပေးရတတ်သေးတယ်။ လူတွေ အပြင်သွားတိုင်းလဲ လိုက်ချင်တယ် ကားစီးချင်တယ်… ကားမှန်ကို ချပြီး သူ့မျက်နှာကို လေတဖြူးဖြူးတိုးတဲ့ အရသာကို သိပ်ကြိုက်တတ်တယ်။ သူ့ကြည့်ရတာ လူတွေနဲ့ တအားအနေနီးတော့ လူတွေလုပ်သမျှ အကုန်လိုက်လုပ်ချင် လူတွေစားသမျှ အကုန်လိုက်စားချင်တဲ့ သဘောရှိတယ်။ သိပ်ရယ်စရာကောင်းတဲ့ အကောင်လေး…။

ပြီးတော့ အိမ်သိပ်လုံတယ်… ချွတ်ကနဲ အသံလေးကြားတာနဲ့ ဟောင်ပြီးသားပဲ…။ မဂိုလမ်းတို့လို လူရှုပ်ရှုပ်လမ်းတွေမှာ ကားကို ခဏတဖြုတ် ရပ်ထားခဲ့လို့ကတော့ မှန်ပိတ်စရာ မလိုဘူး… တယောက်ယောက် အနားကပ်လာတာနဲ့ ဟောင်တာပဲ…။ အမှန်ကတော့ ဒါတွေအားလုံးဟာ ခွေးတိုင်းလိုလိုမှာ ရှိတတ်ကြမဲ့ အမူအကျင့် သွင်ပြင် လက္ခဏာတွေပါ၊ ဒါပေမယ့် ကိုယ်တို့မှာတော့ သူတကောင်တည်းကပဲ ထူးချွန်ပြောင်မြောက်ပြီး တတ်သိနေသလိုလို တခုခုဆို ပြောလို့ မဆုံး အကျေနပ်ကြီး ကျေနပ်နေကြရပါတယ်။

နောက်ဆုံးမှာတော့ ယောင်နောက် ဆံထုံးပါ ဆိုတဲ့အတိုင်း ကိုယ် ဒီကိုရောက်လာတော့ သူကလေးတကောင်ထဲ အတူတူ ဆော့စရာ အဖေါ်မရှိတော့ မှိုင်တွေပြီး ပျင်းပျင်းလေး ဖြစ်ကျန်ခဲ့တယ်လို့ ကောင်မလေးတွေက ပြောပြကြတယ်။ မေမေကတော့ တခုခုဆို ကိုယ် စိတ်မကောင်းမှာစိုးလို့ ပြောပြလေ့မရှိဘူး။ လူကြုံရှိတိုင်း ဓါတ်ပုံလေးတွေသာ ပို့ပေးတတ်တယ်။ ကိုယ်လဲ သူ့ကိုလွမ်းတဲ့အခါတိုင်း သူ့ဓါတ်ပုံလေးတွေကြည့်ရင်း ဖုန်းထဲက သူ့အသံ တအီအီလေးကို နားထောင်ရင်းနဲ့ပဲ နေခဲ့ရတယ်ပေါ့။

နောက်တခု ကြုံလို့ ပြောပြချင်တာက ခွေးတွေနဲ့ နီးနီးကပ်ကပ် လုံးလုံးထွေးထွေးနေတဲ့ ကိုယ်တို့ နှစ်ယောက်စလုံးကို တွေ့တဲ့ ခွေးတိုင်း အမြီးလေး တနှံ့နှံ့နဲ့ ချစ်ခင်ကြပါတယ်။ ခွေး ကြီးကြီး သေးသေး ဘယ်လို အမျိုးအစားပဲ ဖြစ်ဖြစ် ဘယ်တော့မှ ရန်မမူပါဘူး… အဲဒါကို ပြောပြတော့ ကိုယ်တို့လိုပဲ ခွေးချစ်သူ သူငယ်ချင်းရဲ့ အဖေ ဆရာကြီးက ပြောတယ်.. ခွေးတွေနဲ့ ရင်းနှီးလွယ်တာ မင်းတို့ကိုယ်က ခွေးနံ့တွေ ရလို့ နေမှာပေါ့ တဲ့…။ အဲဒါ ရယ်စရာမဟုတ်ဖူး တကယ်မှန်ပါတယ်… ကိုယ်တို့ဆီမှာ ခွေးတွေ ရင်းနှီးလွယ်တဲ့ အနံ့တခုခု ရှိနေပုံပဲ။ အခုလဲ သွားရင်း လာရင်း ဓါတ်လှေခါးထဲမှာ ခွေးလေးတွေတွေ့ရင် သူများတွေက နှာခေါင်းရှုံ့ကြ ရွံသလို ကြောက်သလို လုပ်တတ်ကြပေမယ့် ကိုယ်တို့ကတော့ အေးဆေးပါပဲ…။ လေလေးချွန်လိုက်ရင် သူတို့လေးတွေက အနားတိုးလာပြီး အမြီးလေး ခါပြီး နှုတ်ဆက်တတ်ကြပါတယ်…။ အမျိုးသိတယ် ခေါ်ရမှာပေါ့…။ ဒါပေမယ့် ခက်နေတာက ခွေးလေးတွေက friendly ဖြစ်ပေမယ့် ခွေးပိုင်ရှင်တွေရဲ့ မျက်နှာကြောတွေက တမျိုးမို့ နောက်ကို ခွေးတွေ့တိုင်း အရမ်းကာရော နှုတ်မဆက်ဖြစ်ကြတော့ပါဘူး။

ဒီလိုနဲ့ ကိုယ် ဒီကိုရောက်ပြီး နှစ် နှစ်လောက်အကြာမှာ သူကလေး ဆုံးပါးသွားပါတယ်။ အဲဒီအကြောင်းကို ဖေဖေက အီးမေးလ် ပို့လာလို့ သိရပါတယ်။ နေမကောင်းပြီး အစား ကောင်းကောင်းမစားလို့ နေ့တိုင်းဆေးခန်းပြ နေတဲ့ကြားထဲက ဆုံးသွားတာပါပဲ လို့ မေမေက ပြောပြပါတယ်။ အင်းလေ… သူတို့လေးတွေရဲ့ သက်တမ်းကလဲ ဒီလောက်ပဲ ရှိနိုင်တာကိုး..။ ဒီတခါလဲ ကိုယ်တိုင်က လိုလိုချင်ချင် မွေးခဲ့ပြီး သေသေချာချာ အစ အဆုံး ဂရုမစိုက်နိုင်ခဲ့တဲ့ အတွက် တော်တော်လေး စိတ်ထိခိုက်ရပြန်ပါတယ်။ မျက်နှာလိုက်တယ်ပဲ ပြောပြော ကြောင်လေးသေတုန်းက မျက်ရည်မကျခဲ့ပေမယ့် ခွေးလေးကျတော့ တပတ်လောက် ထမင်းစားလို့မရပဲ ဝမ်းနည်းပြီး တွေးလိုက်တိုင်း မျက်ရည် ကျနေခဲ့ရပါတယ်။

ခွေးလေး သေသွားပြီး သိပ်မကြာခင်မှာ ဖေဖေနဲ့ မေမေ ဒီကိုလာတော့ ခွေးကလေး အလွမ်းပြေ လူတယောက်စာမက ကြီးမားတဲ့ အမွေးပွ ခွေးရုပ်ကြီး တခု ဝယ်ပေးပါတယ်။ အရုပ်ကြီးက သိပ်ချစ်စရာကောင်းသော်လည်း သက်ရှိနဲ့ သက်မဲ့ ဘယ်တူနိုင်မှာလဲလေ…။ အဲဒီနောက်မှာတော့ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းမရှိလှတဲ့ ဒီကျွန်းပေါ်မှာ နှစ်ပေါင်းများစွာ ဆက်လက် သောင်တင်နေရင်းက သံယောဇဉ်ဖြစ်စရာ ဘာအကောင်ဆို ဘာအကောင်မှ ထပ်မမွေးလိုတော့ပဲ Pet မွေးတဲ့ ဇာတ်လမ်းကို တစခန်း ရပ်လိုက်ရပါတော့တယ်။

သံယောဇဉ်ဆိုတာ ဘာလေးကိုပဲ တွယ်လိုက် တွယ်လိုက် အနည်းနဲ့ အများတော့ ပူလောင် သောက ရောက်ရတာချည်းပဲမို့ ဖြစ်နိုင်ရင် ရှေ့လျှောက် ဘာကိုမှ အလွန်အကျွံ မတွယ်တာဖြစ်အောင် သတိထားတော့မယ်လို့သာ မကြာခဏ တွေးနေမိပါတော့တယ်…။


နောက်ဆက်တွဲ…

အခုတလောမှာ ညနေဖက်တွေ လမ်းလျှောက်ရင်း ခွေးလှလှလေးတွေနဲ့ လမ်းလျှောက်ထွက်ကြတဲ့သူတွေကို တွေ့တွေ့နေတော့ စိတ်က နဲနဲ ပြန်လည်လာတယ်။ သူ့ကို ပြောပြတော့ ငယ်ငယ်တုန်းကလို ရှောရှောရှူရှူ လိုက်လျောလိုတဲ့ ပုံမျိုးမတွေ့ရဘူး… အချိန်တွေ နဲရတဲ့အထဲ ကွန်ပျူတာရှေ့ တချိန်လုံး မျက်နှာအပ်ထားတဲ့သူက ဒီခွေးတကောင် တာဝန်ကို ဘယ်လိုယူမှာလဲ လို့ ရက်ရက်စက်စက် ပြောလာတယ်…။ (ဟင့်… ပြောမိတာ မှားပါတယ်)

အဲဒါနဲ့ ပတ်သက်လို့ ဟိုတနေ့က သတင်းမှာ ကြည့်လိုက်ရတာ တခုပြောပြမယ်… သတင်းက ဂျပန်က လာတယ် လို့ မှတ်မိတယ်။ ဂျပန်မှာ Pet ရောင်းတဲ့ ဆိုင်တွေက သူတို့ဆီမှာရှိနေတဲ့ ခွေးလေးတွေကို နေ့တိုင်း ခွေးအကောင်စေ့ကို အပြင်ထွက်ပြီး ကျောင်းမပေးနိုင်လို့ နာရီပိုင်းနဲ့ ခွေးအငှားကျောင်းကြတဲ့ အကြောင်းပါ။ ဒီလိုဆိုတော့ ခွေးကလေးတွေကို အပိုင်မွေးထား ကျွေးထားစရာမလိုပဲ ကြိုးနဲ့ဆွဲပြီး အပျော် လမ်းလျှောက်ချင်တဲ့သူတွေ အတွက်လဲ အဆင်ပြေ၊ ဆိုင်အတွက်လဲ အဆင်ပြေပေါ့…။ ပေါ့သေးသေးတော့ ဟုတ်ဖူးနော်… ခွေးအမျိုးအစားနဲ့ လှပခြင်း ချစ်စရာကောင်းခြင်း အပေါ်မှာ မူတည်လို့ ဈေးက အစားစားပဲ…။ မှတ်မိသလောက်ကတော့ တနာရီကို ယူအက်စ် ၂၅ ကနေ ၄၀၊ ၅၀ အထိ ဈေးရှိပါတယ်။ ဆိုင်ရှေ့မှာ ပြထားတဲ့ ခွေးအလှ ဓါတ်ပုံလေးတွေကို ကြည့်ပြီး ရွေးကြရတယ်။ ချီဝါးဝါးလေးတွေကို LV အိပ်တွေနဲ့ လာခေါ်ကြတဲ့ ဂျပန်မ လှလှလေးတွေကိုလဲ ဖျတ်ကနဲ တွေ့လိုက်ပါသေးတယ်..။

အပေါင်းအသင်းတွေကိုလဲ မှာထားချင်ပါတယ်။ ဘာလဲဆိုတော့ စင်္ကာပူမှာ အဲဒီလို ခွေးလေးတွေ အငှားကျောင်းလို့ရတဲ့ ဆိုင်လေးများတွေ့မိကြရင် ကိုယ့်ကို ချက်ချင်း အကြောင်းကြားပေးပါလို့… အချိန်ပြည့် မမွေးထားနိုင်ပေမယ့် ခုလိုမျိုး ခဏတဖြုတ် အငှားမွေးလို့ရရင် အငှားဆော့လို့ရရင် ခွေးလေးတွေနဲ့ ခဏတော့ ဆော့ချင်ပါသေးတယ်…။

ကိုယ်ချစ်ခဲ့ရတဲ့ အချစ်တော်လေး နှစ်ကောင်အကြောင်း တရှည်တလျား ပိုစ့်တွေကို လာဖတ်ပေးကြတဲ့ စာဖတ်သူများအားလုံးနဲ့ မှတ်ချက်ရေးခဲ့ကြတဲ့သူများ အားလုံးကို တကယ် ကျေးဇူးတင်ပါတယ်...


19 comments:

  1. ကျနော့မှာ စနိုးဆိုတဲ့ခွေးလေးတစ်ကောင် ရှိခဲ့ဖူးတယ်

    ReplyDelete
  2. ကျနော်လာဖွင့်လိုက်မယ်လေ..။
    အပတ်တိုင်း လာငှားပါနော်..။
    ကျနော်ပတ်ဝန်းကျင်မှာတော့ ခွေးတွေ ကြောင်တွေနဲ့
    ပတ်သက်ရင် သည်းသည်းလှုပ်တတ်သူတွေ တပုံကြီးပါ။
    ခွေးပိုင်ရှင်တစ်ယောက်ကဆို သူခွေး depressionကျ
    တဲ့ရောဂါဖြစ်နေတယ်ဆိုပြီး...ဆရာဝန်ပြ ကုလိုက်ရတာ ။ အတော်ဈေးကြီးတယ်..။
    ဟားဟ


    အမျိုး

    ReplyDelete
  3. နှာခေါင်းနဲ့ မျက်နှာအတို့ခံရလို့ အေးကနဲဖြစ်သွားရင် အားကနဲ ထအော်မိမယ်.. (အကြင်နာကင်းမဲ့တာမဟုတ်ဘူး.. အသည်းယားတာပါ။ )

    ReplyDelete
  4. တကယ်ခံစားရတယ်...
    မျက်ရည်ဝဲတဲဝဲတဲလေး ဖြစ်သွားတယ်...:(

    "သံယောဇဉ်၊ သံယောဇဉ်၊ လူကို အရူးတပိုင်းဖြစ်စေတဲ့ ဒီသံယော..ဇဉ်၊ ဒီသံယော..ဇဉ်၊ သံယောဇဉ်"
    ခက်တယ်...:(

    ReplyDelete
  5. မောင်မျိုးAugust 16, 2010 at 12:35 AM

    ခု လောလောဆယ် နေနေတဲ့ အိမ်မှာ ခွေး ၁၂ ကောင်တောင် ရှိတယ် ချစ်စရာကောင်းမကောင်းတော့မသိ ဟောင်လိုက်တာများတော့ ပြောမနေနဲ့ ညပိုင်း ညည့်နက်ရင် ထမင်းဆင်းမစားရဲတော့ဘူး ခွေးကြောက်လို့တော့မဟုတ် အိမ်က လူလား ဘာလားမသိ စွတ်ဟောင်နေတာနဲ့ တစ်အိမ်လုံးနိုးမှာကြောက်လို့း ) အစ်မလိုချင်ရင် တစ်ကောင်ပို့လိုက်မယ်လေ ယူမလားး ။

    ReplyDelete
  6. ခွေးပေါက်စနကလေးတွေ ၃ ကောင်မွေးဖူးတယ်။ ပထမဆုံး ချင်းခွေးကလေးကို တစ်အိမ်လုံး ဝိုင်းချစ်ကြတာ။ နောက်တော့ နံလို့ ဆိုပြီး ရေချိုးပေးလိုက်တာ ခွေးက ၆ လ မပြည့်သေးတော့ နမိုးနီးယားနဲ့ ကြွသွားတယ်။ ဒုတိယ ချင်းခွေး ကျတော့လည်း အားအားရှိ ပုဇွန်ခြောက် ပဲ ကျွေးနေတော့ ခွေးက သံထပြီး ဂန့်သွားပြန်တယ်။ တတိယ တကောင်ကျတော့ အင်းခွေး။ ရေမချိုးပေမယ့် မိုးမိပြီး နမိုးနီးယားနဲ့ ကြွသွားပြန်တယ်။

    ဟိုတခေါက် အိမ်ပြန်ရောက်တော့ အိမ်မှာ ခွေးက ၉ ကောင်။ တကောင်မှ ကိုယ့်မသိဘူး။ ကိုက်လည်း ကိုက်တတ်တယ် ဆိုလို့ ခြံထဲတောင် သတိထားပြီး ဆင်းနေရတယ်။

    တယ်ရီယာက အစာရွေးတယ် ဆိုတာ ရွေးစရာ ရှိလို့ပါ။ အိမ်နားက တယ်ရီယာ တစ်ကောင်တော့ စားစရာမရှိရင် ကန်းစွန်းရွက်၊ ကြက်ဥကြော်၊ ငှက်ပျောသီး အကုန် စားတာပဲ။ အိမ်က ခွေးတွေ အတွက် ကြွေးထားတဲ့ ချဉ်ပေါင်ဟင်းနဲ့ ထမင်းတောင် အဲဒီ တယ်ရီယာက ကြုံရင် ဝင်အုပ်သွားသေးတယ်။

    ReplyDelete
  7. မမသက်ဝေ မျက်ရည်ကျအောင် လုပ်တာ များပြီ။။ သီချင်းတပုဒ်တင်လိုက်.. post တင်လိုက်..

    မေလဲ အကောင်လေးတွေ ချစ်တယ်၊ အင်္ဂလန်ရောက်တော့ သူငယ်ချင်းခွေးလေးက ရှိသမျှလာသမျှလူကို မတည့်ပေမယ့် ကိုယ့်ကျ တည့်တယ်၊ သူ့ကို သွားသွားကျောင်းပေးတယ်.. သူက လည်လဲ လည်တယ်.. မဆူမှန်းသိတော့ ပန်းခြံထဲက မထွက်တော့ဘူး၊ ပြီးရင် ချွဲလဲ သိပ်ချွဲ..သူ့ကိုယ်မှာ အနာလေးတွေဖြစ်တော့ လာလာအီတာ၊ သူ့ သခင်တွေဆူလဲ လာလာတိုင်တာ..

    ခုတော့ သူနဲ့လဲ ဝေးသွားပြီ :( အရင်လကတွေ့တော့ မျက်စိမှုန်နေပြီ

    ReplyDelete
  8. ZT comment ကို ဖတ်ပြီး မျက်ရည်စက်လက်နဲ့ ရယ်သွားတယ်

    ReplyDelete
  9. အိမ်မှာလဲ ခွေးတွေ အများကြီးမွေးလို့...ခွေးဆိုချစ်တယ်။
    ချစ်တယ်သာပြောတာပါ အိပ်ယာပေါ်တက်အိပ်ရင် မကြိုက်ဘူး။ ကိုင်ပြီးရင် သူတို့ကို ထိပြီးရင် ချက်ချင်း လက်ဆေးပစ်မိတာပဲ။ ရေချိုးပြီးစအချိန်ပဲ လုံးထွေးပြီး ဆော့ဖြစ်တယ်။ အဲဒါ တကယ်ကို လှိုက်လှိုက်လှဲလှဲ မချစ်တာလားမသိဘူးနော်။ မသက်ဝေပြောသလိုပဲ ခွေးနံ့ရလို့လား မသိဘူး။ တော်ရုံ ခွေးတွေနဲ့တော့ တည့်လွယ်တယ်။ ခွေးလေးတွေ သေတိုင်း ငိုရလွန်းလို့ အခု နောက်ပိုင်း ထပ် မမွေးဖြစ်တော့ဘူး။ မွေးလဲမမွေးချင်တော့ဘူး။ ဘယ်ခွေးမှ မချစ်ချင်တော့ဘူး။
    mm

    ReplyDelete
  10. ခွေးဖြစ်ဖြစ်ကြောင်ဖြစ်ဖြစ်မွေးချင်နေတယ်

    ReplyDelete
  11. အမခွေးလေးသေသွားပြီလား။
    သနားပါတယ်။
    အိမ်က ကစ်ကစ်ကတော့ ခုထိသောင်းကျန်းလို့ ကောင်းတုန်းပဲ။
    အင်တာနက်ကနေ အိမ်နဲ့စကားပြောရင် သူပါဝင်ဝင်ပြောသေးတာ တ၀ုတ်ဝုတ်နဲ့။ ၀က်ဘ်ကမ်နဲ့ သူ့ကို ဓာတ်ပုံလှမ်းရိုက်တော့ ပဲပေးပြီး ငြိမ်နေတယ်။ တခါတခါတော့ သူမျက်နှာ မမြင်အောင် ကျောပေးထားသေးတာ။
    အမခွေးလေးအကြောင်း ဖတ်ရတော့ သူ့ကို သတိရလိုက်တာ။ သူကတော့ အတော်ဆိုးတယ်။ ဆိုးပေမဲ့ ချစ်နေရတာပါပဲ။

    ခွေးတကောင်ရဲ့ ကရိကထကတော့ ကြီးတယ်အမရေ။ မမွေးတာပဲ ကောင်းပါတယ်။ အခုဒီမှာ ဦးလေးမိတ်ဆွေအိမ်မှာ ခွေး ၂ ကောင်ရှိတယ်။ တခါတလေ သူတို့ကို သွားကျောင်းပေးတယ်။ ကစ်ကစ်လောက်တော့ ချစ်ဖို့ မကောင်းဘူး။ :P

    ReplyDelete
  12. မမသက်ဝေပြောတဲ့ အနံ့မျိုးမရှိလို့လားမသိဘူး ညီမတစ်ဝမ်းကွဲအိမ်ကခွေးလေးက ညီမသွားလည်တိုင်းဟောင် ဟောင်နေတတ်တာ မရိုးနိုင်အောင်ပဲ...ခုထိ ....။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  13. သူလေး ဆုံးသွားတော့ ဖုန်းပြောနေတာ ကြားလိုက်သလိုပဲ။
    ဒီလိုချစ်စရာကောင်းတဲ့ အကောင်လေးတွေကို ကရိကထခံပြီး မွေးဖို့က ဒီနေရာမှာတော့ အတော်ခက်ခဲပါတယ်။ အချိန်နဲ့နေရာပေါ့။ အရုပ်ကြီးပဲ ကောင်းပါတယ်နော်။

    ReplyDelete
  14. 1 / 2 / 3 / 4 အစအဆုံး...တစ်ခါထဲ..ဖတ်လို့ကောင်းလိုက်တာ...။ မမသက်ဝေ အကောင်လေးတွေကို ချစ်စနိုး ဖြစ်သွားလို့ တရိစ္ဆာန် မချစ်တတ်ဘူးလို့ ကိုယ့်ဘာသာ ထင်နေတဲ့ အထင်တောင်မှ......မှားသလား တွေးမိသွားတယ်း)

    ReplyDelete
  15. တယ်ရီယာလေးတွေက လူနဲ့အရမ်းနီးတယ်ဗျနော်...။
    တခြားခွေးတွေထက် အသိညဏ် ပိုရှိပုံပဲ..။

    ReplyDelete
  16. လူနဲ့တိရစ္ဆာန်ကြားမှာ ရစ်ပတ်နှောင်ဖွဲ့မိတဲ့ သံယောဇဉ်က တကယ်ပဲ မသေးဘူးနော်။
    သူတို့လေးတွေက သက်တမ်းတိုတော့ ခံစားပြီး ကျန်ခဲ့ရသူတွေက ဇွန်တို့လူသားတွေဖြစ်နေတာ။
    ဟင်းးးးးးး.....း(

    ReplyDelete
  17. မမွေးတာကောင်းပါတယ် အန်တီသက်ဝေရေ။ သံယျောဇဉ်တွေ များလွန်းလို့ပါ။ အိမ်က သမီးကလဲ ကြောင်လေးတွေ မွေးချင်နေတာ။ သူ့အဖေကလဲ ခွင့်မပြုဘူး။ ကိုယ့်အနေနဲ့လည်း မမွေးစေချင်တော့ဘူး

    ReplyDelete
  18. မမရေ
    (၁) ကနေ (၄) အထိ ဆက်တိုက် ဖတ်သွားပါတယ်။ သူတို့လေးတွေနဲ့ ပတ်သက်ရင် ခံစားရလွန်းလို့၊ စိတ်ကလဲ သူတို့နဲ့ဆို နုလွန်း ပျော့လွန်းလို့ ကိုယ့်ကိုယ်ကိုတောင် ဒေါသ ဖြစ်ရမလိုပဲ။
    ပုံ
    အသည်းမမာနိုင်သူတဦး

    ReplyDelete
  19. In our apartment, there is a guy who is a professional puppy care taker. If you are going trips or any other reasons, he will take care your puppy. And we call him puppy-boy (kwey-kyaung-thar :p)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...