Sunday, August 21, 2011

အမှောင်ဘက်ခြမ်း မှ ကွယ်ရာ (သို့မဟုတ်) တွယ်ရာ

စာအုပ်အမည် - အမှောင်ဘက်ခြမ်း - The Dark Side (သို့) သူခိုးစာအုပ်

စာစီ ပုံထည့် နေရာချ စာပြင်သူ - ခိုင်စိုးလင်း

အတွင်းပုံများကို ရေးခြစ်သူ - မလေးမေ

စာပေအမှတ်တံဆိပ်ပုံဖေါ်ပေးသူ - ကိုရဲ

စာမူခွင့်ပြုချက်အမှတ် - ၁၀၉ / ၁၁၀ -၃၈၀- ၂၀၁၁ ဖြင့် မျက်နှာဖုံးစာပေမှ ထုတ်ဝေ

ပါဝင်ရေးသားကြသူများ - ဟန်သစ်ငြိမ်၊ ဟယ်ရီလွင်၊ နေမြဲ၊ တင်ထွန်းမြိုင် ၊ မိုးလှိုင်ည၊ နေဦး ၊ လင်းဒီပ ၊ ညိုမင်းခ၊ ကိုမျိုး ၊ ကြည်သက်ဟန်၊ မှိုင်း (ဆေး -၂)၊ သြမြိုင် ၊ နန်းညီ၊ ဇာတိ၊ ချစ်ကြည်အေး ၊ တေလေ ၊ ပန်ဒိုရာ ၊ ကျော်ညိုသွေး ၊ ခိုင်စိုးလင်း နှင့် သက်ဝေ

ဤနေရာ တွင် Download ချ ဖတ်ရှုနိုင်ပြီ…။

ကွယ်ရာ (သို့မဟုတ်) တွယ်ရာ


ကျွန်တော် အိမ်ကိုပြန်ရောက်တော့ အိမ်မှာ အဖေရှိမနေပါ…။
အိမ်သားများက အဖေ ပွဲဈေးတန်းဖက်သွားသည် ဟု ပြောကြသည်။ ထိုအခါတွင်မှ အိမ်နားမှာ ဘုရားပွဲ တရားပွဲတို့နှင့်အတူ ဈေးဆိုင်များ စည်ကားနေသော ပွဲဈေးတန်းတခု ရှိနေကြောင်း သတိရသွားသည်။ အခုလည်း အဖေက ထိုပွဲဈေးကို သွားသည် တဲ့…။ မိုးလင်း မိုးချုပ် အလုပ်ထဲမှာ တကုတ်ကုတ်နှင့် နေ့ရက်ပေါင်းများစွာ… ညောင်းညာနေသော ကိုယ်နှင့် စိတ်ကို အနားပေးရန်၊ ပြီးတော့ အဖေ့အား အဖေါ်ပြုရန် ပွဲဈေးဖက် လျှောက်ကြည့်ဖို့ အိမ်မှ ထွက်လာခဲ့သည်…။

မီးလုံး မီးချောင်း အရောင်စုံအောက်တွင် အမျိုး အမည်စုံလင်လှသော ဈေးဆိုင်တန်းများကို တွေ့ရသည်။ ပွဲဈေးရှိမှ တွေ့ရ စားရတတ်သော မုန့်ပျားသလက်သည်နှင့် မုန့်လေပွေသည်ကို တွေ့တော့ သူ ငယ်ငယ်က အဖေနဲ့အတူ ပွဲဈေးလျှောက်ခဲ့စဉ်အခါက သူ ပူဆာသဖြင့် အဖေဝယ်ကျွေးသော မုန့်လေပွေချပ်ကြီး လူတိုးသောကြောင့် ကျိုးကြေသွားရာ ပွဲဈေးထဲတွင် ထွန့်ထွန့်လူးအောင် အော်ဟစ်ငိုယိုခဲ့ပုံ၊ သူ့ကို ချော့မော့ရင်း နောက်ထပ် မုန့်လေပွေ အသစ်တချပ်နှင့်အတူ မိုးပျံပူဖေါင်းတလုံးကိုပါ အဖေက ဝယ်ပေးခဲ့ပုံများကို အမှတ်ရ မြင်ယောင်လာသည်။ အဖေရော… သည်ပွဲဈေးထဲက မုန့်လေပွေသည်ကို တွေ့လျှင် သူ့အကြောင်းကို သတိရပြီး ပြုံးရယ်နေမလာဟုး တွေးရင်း လူအုပ်ကြားထဲမှာ အဖေ့ကို မျက်စိကစား ရှာဖွေမိသည်…။ အဖေ ဘယ်နားမှာပါလိမ့်…

သည်လိုနှင့် လူရေစီးကြောင်းကြီးထဲ တရွေ့ရွေ့ မျောပါရင်း ပွဲဈေးတန်း၏ အဆုံးနားကို ရောက်မှန်းမသိ ရောက်လာခဲ့သည်။ အဖေ့ကိုကား မတွေ့မိ…။ ထိုစဉ်အချိန်မှာပဲ မိုးစက် မိုးပေါက်တို့က ဖျိုးဖျိုးဖြောက်ဖြောက် ရွာကျလာတာ ဖြစ်သည်…။ ရုတ်တရက်မို့ လက်ထဲမှာလည်း ထီးမပါ၊ အနီးအနားသွားတိုင်း ဘယ်တော့မှ ထီးဆောင်လေ့မရှိသော အဖေ့မှာလည်း ထီးတလက် မပါတာ သေချာသလောက်ပင်။ ရှေ့လှမ်းလှမ်းမှာ အကိုင်းအခက်တို့ ဝေဝေဆာဆာရှိသော သစ်ပင်ကြီးကြီး တပင်ကို တွေ့လိုက်သောကြောင့် ယာယီခိုနားရန် ခြေလှမ်းတို့ကို အရှိန်မြှင့်ကာ ခပ်သွက်သွက်လျှောက်သွားမိသည်။

သစ်ပင်အောက်ကိုရောက်သွားသောအခါ ကိုယ့်လို မိုးခိုနေသူ တယောက်စ နှစ်ယောက်စ ရှိနေသည်…။ ထိုသူများကို အကဲခတ်သလို ကြည့်လိုက်သောအခါ ဈေးခြင်းတောင်း တလုံး ကိုင်ရင်း မတ်တပ်ရပ် မိုးခိုနေသူ အမျိုးသမီးဝဝတယောက်၊ ပြီးတော့ သစ်မြစ်တခုပေါ်တွင် မှေးထိုင်ရင်း ဆေးလိပ်သောက်နေသော အမျိုးသားတယောက်…။ ဆေးလိပ်မီးခိုးများအကြား၊ မိုးစက်မိုးမှုန်များအကြားမှာ ဝေဝါးနေသော်လည်း ထိုအမျိုးသား၏ ပုံသဏ္ဍါန်ကို သူ တရင်းတနှီးရှိလှသည်…။ မျက်တောင်တချက် ခတ်လိုက်မိသည်… ပြီးတော့ နောက်တကြိမ် မျက်တောင်အခတ်မှာပင် သူ သေချာသွားသည်…။ အဖေ ပါလား…။ အဖေ… ဆေးပေါ့လိပ်ကို မီးခိုးငွေ့များ တထောင်းထောင်းထအောင် မက်မက်မောမော ဖွာရှိုက်နေသော အဖေ…။

ရုတ်တရက် ပုန်းကွယ်စရာ နေရာ ရှာမရခင် စက္ကန့်အနည်းငယ်အတွင်းမှာ အဖေ သူ့ကို တွေ့သွားသည်…။ အဖေက သူ့ကို တွေတွေကြီး ငေးစိုက်ကြည့်နေသည်…။ အဖေ့အနားကို သူ ဖြေးညှင်းစွာ တိုးကပ်သွားမိသည်။ နှစ်ဦးသား ဘာစကားမှ မဆိုနိုင်ကြ… အဖေက ခေါင်းကို ငုံ့ကာ သောက်လက်စ ဆေးပေါ့လိပ်ကို မြေကြီးပေါ်သို့ချကာ ထိုးခြေမွပစ်လိုက်သည်။

နှလုံးသွေးကြောကျဉ်းနေသည်ဟု ဆရာဝန်က နာမည်တပ်ပြီး ဆေးလိပ်နဲ့ ဦးလေးရဲ့အသက် ဘယ်ဟာက တန်ဖိုးရှိသလဲ ဆိုသော အမေးစကားကို အမေးခံလိုက်ရသော အဖေ… နှစ်ပေါင်းများစွာ လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင် ရှိခဲ့သော ဆေးလိပ်ကို သားသမီးတို့ အလိုကျ ဖြတ်ခဲ့ရသော အဖေ… အခုတော့… … အမှောင်ရိပ်ကျကျ သစ်ပင်တပင်ကို အကွယ်အကာယူရင်း ဆေးလိပ်တလိပ်ကို ခိုးကြောင် ခိုးဝှက် တမက်တမော ရှိုက်ဖွာနေသော အဖေ… မမျှော်လင့်ပဲ သားဖြစ်သူနှင့် တည့်တည့်တိုးလေသောအခါ ရှက်ရွံ့အားငယ်ပြီး မလုံမလဲနိုင်လှသော အကြည့်လေးနှင့်အတူ မျက်ရည်ကြည်များ ရစ်ဝဲနေသော အဖေ…။

ကျွန်တော်ငယ်ငယ်က ပွဲဈေးတန်းလျှောက်ရင်း စားလက်စ မုန့်လေပွေ ကျိုးကြေသွားကြောင့် ဝမ်းပန်းတနည်း ငိုယိုသောအခါ အဖေက မုန့်လေပွေ အသစ်တချပ်နှင့်အတူ မိုးပျံပူဖေါင်း တလုံးကိုပါ အဆစ်ဝယ်ပေးပြီး ကျွန်တော့ကို ချော့မော့နှစ်သိမ့် အငိုတိတ်စေခဲ့သည်။ သောက်လက်စ ဆေးလိပ်တိုကို မြေပေါ်မှာ ထိုးခြေပစ်လိုက်သော အဖေ့မျက်ဝန်းမှ စိုလက်နေသော မျက်ရည်စများကိုမူ မည်သည့်အရာဖြင့် အစားထိုး နှစ်သိမ့်ပြီး ဖြေဖျောက် သွေ့ခြောက်စေရမည်ကို ကျွန်တော် စဉ်းစားအဖြေရှာနေဆဲ…။



18 comments:

  1. သူခိုးကိုလည်း ချစ်အောင် သူရေးတတ်တယ်...း)

    ReplyDelete
  2. ဖတ်ကောင်းတယ်။ ဆေးလိပ်ခိုးသောက်တာ သားက မိသွားတဲ့အခိုက် ပျက်နေမဲ့ အဖေ့ရဲ့ မျက်နှာ.....၊ မြင်ယောင်မိပါရဲ့....

    ReplyDelete
  3. ဆေးလိပ် ခိုးသောက်နေတဲ့ အဖေနဲ့ မိသွားတဲ့ သားတို့ရဲ့ ပုံရိပ်လေးကို မြင်သာထင်သာအောင် ရေးဖွဲ့တတ်လိုက်တာ။ ပတ်ဝန်းကျင်ကို ရေးဖွဲ့ထားတာလည်း အသက်ဝင်တယ်။ ပွဲဈေးတန်း၊ မိုးရွာချိန်။ ကိုယ့်ကျန်းမာရေးကို အထိခိုက်ခံပြီး ဘာလို့ လူတွေ အရက်၊ ဆေးလိပ်တွေ သောက်ကြတာလဲ မသိဘူးနော်။

    ReplyDelete
  4. Congratulations မသက်ဝေ!!! ကျန်တာတွေကိုတော့ မနက်ဖြန်ကျမှ စာအုပ် Download လုပ်ပြီးသွားဖတ်တော့မယ်။ ဆက်လက်အောင်မြင်ပါစေ။

    ReplyDelete
  5. ရင်ဘတ်ထဲမှာ ဘာလုပ်ပေးရမှန်းမသိတဲ့ အမျိုးအမည်မသိ ခံစားချက်တစ်ချို့ကျန်ခဲ့တယ် ... ရေးတတ်လိုက်တာ ...အားကျတယ် ..

    ReplyDelete
  6. တိုက်ဆိုင်မှုတစ်ခုကြောင့် ရင်ထဲတည့်တည့်မှန်တယ်အစ်မ
    ရာ....၊ကျွန်တော်တို့ငယ်ငယ်က နာကျင်ခံစားရတာတွေကို
    အားပေးနှစ်သိမ့်စေတဲ့အဖေ...၊သူ့အလှည့်ကျ ကျွန်တော်
    တို့ဘာနဲ့များ နှစ်သိမ့်ပေးနိုင်ပါ ပါလိမ့်.....:(

    ReplyDelete
  7.း(
    ဖြစ်ဖူးတယ်။အမေက ချဲထိုးတတ်တယ်။ ဒါမယ့် တစ်မိသားစုလုံးကလဲ မကြိုက်တော့ ခိုးပီး ထိုးတယ်။ အဲ့မှာ မနက်စောစော ဘောက်ချာလေးတွေ ကြည့်နေတုန်း နောင့် နဲ့ တိုးတော့ ကမန်းကတမ်း ဖွက်ပီး မျက်နှာလေး ပျက်နေတာ အရမ်းသနားတာပဲ။ အဲ့ဒါနဲ့ ကျန်တဲ့သူတွေနဲ့တိုင်ပင်ပြီး တစ်လကို ဘယ်လောက်ဖိုးတော့လုပ်ပါလို့ လစ်မစ်ပေးလိုက်တယ်။ သူလဲ စီးပွားဖြစ် လုပ်တာ မဟုတ်တော့ အဆင်ပြေ နောင့် လဲ စိတ်ပေါ့ပါးသွားဖူးတယ်။

    ReplyDelete
  8. ပြောင်မြောင်ပါပေတယ်...နာ့အမ..

    ReplyDelete
  9. ရေးတာပိုပိုလှလာပါတယ်ဦးသက်ဝေရယ်

    ReplyDelete
  10. မမြင်ကွယ်ရာမှာ မတွယ်တာသင့်တဲ့အရာကို တွယ်တာတပ်မက်ပြီး ခိုးကြောင်ခိုးဝှက်ပြုတတ်ကြတာ လူ့သဘာဝလားမသိပါဘူး မသက်ဝေရေ.. အက်ဆေးလေးက ပီပြင်တယ်။ စာအုပ်လဲ ဒေါင်းပြီးဖတ်အုံးမယ်။

    ReplyDelete
  11. ရိုး ရိုး အ ဖြစ် အ ပျက် လေး ကို Heart ဟတ် ထိ အောင် ရေး လဲ ရေး တတ် တယ်.. သက် ဝေ တစ် ယောက် ဝိုင် ချို ချို ခါး ခါး လေး.... ခ လေး တွေ မ သိ အောင် သောက် ရင်း သောက် ရင်း စွဲ လမ်း နေ ပြီ လား !! ( jus kidding )
    u nyan

    ReplyDelete
  12. လမ်းလျှောက်လာရင်း..မှန်တံခါး နဲ့..၀ုန်းကနဲ တိုက်မိသလို မျိုး
    ဖတ်နေရင်း.. the end နဲ့..ဒုန်းကနဲ..

    ReplyDelete
  13. ကောင်းတယ် မသက်ဝေ..၊ ခေါင်းစဉ်လေးကအစ ကျစ်လစ်ပြီး အတော်လေး တာသွားတယ်၊ မသက်ဝေရဲ့ အက်ဆေးတွေ ဖတ်ရတာ ဘုရားပွဲဈေးက အော်ပရာ ကနေတဲ့ ဇတ်ရုံ အပြင်ဖက်မှာ လမ်းဘေးမုန့်ဟင်းခါးကို ငရုတ်သီး အများကြီးနဲ့ စားရသလိုပဲ...၊ တပြိုင်နက် တည်းမှာ အရောင်၊ အနံ့၊ အရသာ၊ အကြား အာရုံတွေ အများကြီး ရလေ့ရှိ ပါတယ်....။း)

    ReplyDelete
  14. စာအုပ်လေး ဒေါင်းလုပ်ချပြီ ဖတ်ပြီးသွားပြီ။ သူငယ်ချင်း ၂ယောက်ဟာကို အရင်ရှာဖတ်တာပေါ့။ ဘာရမလဲ။
    ရေထားတာလေးတွေ၊ တွေးထားတာလေးတွေ အားလုံး ကောင်းပါ၏။
    သူငယ်ချင်းများ၏အောင်မြင်မှုအတွက် ၀မ်းသာပါ၏။

    Congratulation!!!

    ReplyDelete
  15. အိမ်မှာလဲ ဆေးလိပ်ခိုးသောက်သူတစ်ယောက်ရှိတယ် အန်တီသက်ဝေရေ။ ညညကျ အမှိုက်ပုံးနားမှာ တွေ့တွေ့နေတာ။ သနားတာနဲ့ မသိချင်ယောင်ပဲ ဆောင်နေရတယ်။ အန်တီသက်ဝေလို ရေးတတ်ရင် ၀ထ္ထုဖြစ်မှာ ....

    ReplyDelete
  16. အမိမြေရဲ့မြင်ကွင်းလေးထဲ သဘောတကျမျောပါရင်း မကြာခင်အဆုံးသတ်တော့မှာပဲဆိုပြီးဖတ်လာမိပေမယ့် တကယ်တမ်းအဆုံးသတ်တော့ ပြည့်စုံတယ်လို့ ခံစားရတယ်...

    TOI

    ReplyDelete
  17. ရင်ထဲမှာမကောင်းဘူးဗျာ။ လေးစားပါတယ် ခင်ဗျာ။

    ReplyDelete
  18. ဒက်ဒီ မဆုံးခင်က အဲလိုဘဲ လူလစ်ရင် ဆေးလိပ်ခိုးသောက်တယ်။ ဒက်ဒီဆုံးသွားတော့ သူလုပ်ချင်တာတွေ ကိုမလုပ်ဘို့ တားခဲ့မိတဲ့ ကိုယ့်ကိုကိုယ် မုန်းပြီး နောင်တတ၀က်ရခဲ့မိပါတယ်။ မသက်ဝေစာကကိုယ့်ကိုမျက်ရည်ကျစေပါတယ်။
    အိုင်အိုရာ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...