Thursday, December 31, 2009

နှစ်သစ်ကူး သန္နိဋ္ဌာန်

ဒီနေ့ တစ်နှစ်တာ မကြိုက်များ ဆိုတဲ့ ပိုစ့်ကို ပန်ဒိုရာ ဘလော့ဂ်မှာ တွေ့ခဲ့ ဖတ်ခဲ့ရပါတယ်။ ဟိုတနေ့က ကိုယ့်ရဲ့ ပိုစ့်အဟောင်းတွေ ပြန်ဖတ်ရင်းနဲ့ တချိန်က Tag ပိုစ့် တခုဖြစ်တဲ့ ကိုယ့်အကြိုက် ဆန္ဒ ခံယူချက် နဲ့ ဖြစ်တည်မှု ဆိုတဲ့ ပိုစ့်ကို ပြန်တွေ့ရင်း တွေးမိပါသေးတယ်…။ အော်… လူတွေက ကိုယ့်အကြိုက်တွေကိုချည်း ရှေ့တန်းတင် ပြောဆိုနေလိုက်ကြတာ မကြိုက်တာတွေကျတော့ ဘယ်သူမှ အရေးတယူ လုပ်ပြီး မပြောကြဘူးလို့ တွေးလိုက်မိတာပါ။ တွေးပြီးတော့လဲ မေ့မေ့ပျောက်ပျောက်ပါပဲ…။ (အခုတော့ ပန်ပန့်ကြောင့် ပြန်သတိရသွားပြီ…။ ကျေးဇူး ပန်ပန်…)

တနှစ်တာ မကြိုက်များ ဆိုတာကို ပန်ပန်က သူ့စိတ်ကူးလေးနဲ့သူ ရေးထားတာပါ… ဒါကို ကိုယ်က ကိုယ့်ကိုလဲ Tag မလုပ်ပါပဲနဲ့ သူ လာ Tag လို့ပဲ ရေးရသယောင်ယောင် (ဇွတ်အတင်း) ယူဆပြီး ကိုယ်ရေးချင်နေတဲ့ ကိုယ့်ရဲ့ မကြိုက်များ ကို ရေးလိုက်ပါတယ်…။

“ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေကို စာစီကုံးရင် ဘာလီပုံးနဲ့ တပုံး အပြည့်ပါပဲရှင်..." လို့ အစချီပြီး ရေးမယ်လို့ ပန်ပန့်ကို ပြောပြတော့ သူက “အို… မကြိုက်တာတွေကို ပြောရမယ်ဆို အိမ်က လူကြီးက စ တာပါပဲရှင်…” လို့ အစချီဖို့ အကြံကောင်း ပေးလာပါတယ်…။ ပထမတော့ စိတ်ထဲ ဟုတ်သလိုလိုရှိပေမယ့် ချက်ချင်းပဲ သတိရသွားတယ်…။ ဟာ... ဒီလိုတော့ မဖြစ်သေးဘူးလေ… မနေ့တနေ့ကပဲ စိတ်ကောင်း စေတနာကောင်းနဲ့ ဟို နှစ်ကျပ်ခွဲကြီး ရော အနီးကပ် ဆွဲရိုက်လို့ရတဲ့ မှန်ပြောင်းရော ဝယ်ထားပေးတဲ့ ဥစ္စာ… ဒီလိုကြီး အစချီလို့တော့ဖြင့် ဘယ်သင့်တော်ပါ့မလဲ လို့တွေးပြီး ဒီကိစ္စကို ရပ်တန်းက ရပ်လိုက်ပါတယ်…။

ကိုယ့်ရဲ့ မကြိုက်များ ဆိုတာ သူများတွေကို မကြိုက်တာထက် ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေကိုပဲ ဦးစားပေး ပြောပါရစေ…။ မဟုတ်ရင် ချောင်းရိုက်ချင်တဲ့သူတွေ များပြီး ၂၀၁၀ စ စချင်းမှာ ပြေးပေါက်မှားနေမှာ စိုးရပါတယ်။

ကဲ… လာပြီ… ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေ ပြောတော့မယ်နော်…။

ဒီနှစ်ထဲမှာ…

- ဘလော့ဂ်ကို အချိန်ပေးတာ သိပ်များလွန်းတယ်၊ ည ညဆို နာရီကို မကြည့်ပဲ အချိန်မရှိ အချိန်ရှိ စာရေးနေတာ၊ ဘလော့ လည်တာ၊ ဘလော့ဂ် ဖတ်တာ၊ ဝတ္ထုတွေဖတ်တာ၊ Facebook မှာ မွှေနေတာတွေ မကြိုက်ဘူး။ ဖတ်စရာရှိတဲ့ စာတွေ မဖတ်နိုင်၊ ရုပ်ရှင်တွေ ဘာတွေလဲ မကြည့်နိုင် အချိန်ရှိသ၍ ဘလော့ဂ်နေတာ… အနီးဆုံးလူက တခါတခါ ကြည့်မရလွန်းတော့ အချိန်နဲ့ပတ်သက်ရင် အပြစ်တင်တတ်တဲ့ အခါ ထုံပေပေ ဂျစ်ကပ်ကပ် လုပ်နေတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် မကြိုက်ဘူး။

- ကွန်ပျူတာနဲ့ မျက်နှာအပ်တဲ့ အချိန်တွေများနေတော့ အပြင်လောကက သူငယ်ချင်းတွေ လူသားတွေနဲ့ တော်တော်လေး အဆက်အသွယ်ပြတ်တယ်။ သူငယ်ချင်း မိတ်ဆွေတွေဆီ ဖုန်းကို မဆက်လို့ မဖြစ်တဲ့ အနေအထားကျမှ ဆက်ဖြစ်တော့တယ်။ ဒါတောင် တခါတခါ ဖုန်းပြောရင်း မျက်စေ့က မော်နီတာမှာ၊ လက်က ကီးဘုတ်မှာ…။ ရန်ကုန်က အချစ်ဆုံး သူငယ်ချင်းတယောက်ဆို သူ့ဆီ အရင်က နှစ်ပတ် တခါလောက် ဆက်နေရာက နှစ်လလောက်ကြာမှ ဖုန်းတခါ ဆက်မိလို့ ငိုတယ်…။ ကြိုက်ချင်စရာကောင်းသေးလား… ကဲ…

- ဒီလိုနဲ့ ည ည အိပ်ရေးတွေပျက်၊ အိပ်ရာထဲရောက်တော့လဲ အိပ်မပျော်… ဒီတော့ အလကားနေ အလကားပဲ ဆိုပြီး နားထဲ နားကြပ်ထည့်ပြီး သီချင်းနားထောင်တယ်…။ နိုးတဝက် အိပ်တဝက်နဲ့ပေါ့…။ ပြီးတော့ မနက် အိပ်ရာထ နောက်ကျ၊ ကော်ဖီတခွက် အမြန်မော့ပြီး မျက်နှာပြောင်နဲ့ ရုံးကို သွားရတာ မကြိုက်ဘူး။ နှုတ်ခမ်းနီတောင်မှ မီးပွိုင့်မှာ ကားရပ်ရင်း ကမန်းကတန်း ဆိုးရတာ…

- ဒီတနှစ်လုံး ဝယ်တာ ခြမ်းတာ (ဖြုန်းတီးတာ) သိပ်များနေတယ်… ရသမျှ တလ တလ အလျင်ကို မမှီချင်ဘူး။ လိုတာလဲဝယ် မလိုတာလဲဝယ် တွေ့တိုင်း မြင်တိုင်း ဝယ် ဝယ်နေတတ်တာကို မကြိုက်ဘူး။

- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အိမ်မှာတော့ စားပါရဲ့။ ဒါပေမယ့် အပြင်လဲထွက်ရော ထင်ရာမြင်ရာတွေ ကိုယ်လဲစား သူတို့ကိုလဲ ကျွေးဖြစ်နေတာကို မကြိုက်ဘူး။ ကိုယ့်ကမ္ဘာလုံးလေးဆို တော်တော်လုံးနေပြီ။ ပြီးတော့ အချိန်ရှိပါရက်၊ အခြေအနေလဲ ပေးပါရက်နဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းနေတာ (လှုပ်ရမှာ ပျင်းနေတာ) ကိုလဲ မကြိုက်ဘူး။

ဒါတွေက ကိုယ့်ရဲ့ နေ့တဒူဝ ဖြစ်နေတဲ့ အခြေအနေတွေထဲက မကြိုက်တာတွေ…။

နောက်ထပ် ကိုယ်မကြိုက်တာတွေက မရိုးသားတဲ့သူတွေ…။ စကားကို ဝေ့လည်ချောင်ပတ် ပြောတတ်တဲ့သူတွေ…။ ကိုယ့်အပြစ်လွတ်အောင် (သို့) ကိုယ့်အပြစ်ကို ဖုံးကွယ်ရာရောက်အောင် စကားတွေကို လမ်းကြောင်းလွှဲပြီး ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် သာသာထိုးထိုး ပြောတတ်တဲ့သူတွေ…။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အသားလွတ် အထင်တွေကြီး၊ ဘဝင်တွေမြင့်ပြီး အောက်ခြေလွတ်နေကြတဲ့သူတွေ…။ မရှိကို အရှိလုပ်၊ မသိတာကို အသိလုပ်ပြီး ဟန်ဆောင်နေတတ်တဲ့သူတွေ…။ အခုတလော အဲဒီလို လူမျိုးတွေကို တွေ့တွေ့နေရတယ်…။ မကြိုက်ဘူး။

ငြင်းတာ ခုန်တာ ဝါသနာမပါလို့ ငြင်းနေတာတွေတွေ့ရင် မကြိုက်တတ်လို့ ဝေးဝေးက ရှောင်တယ်။ ပြီးတော့ အခုတလော စကားနည်းနည်းပဲ ပြောချင်တယ်။ အနားမှာ အရည်မရ အဖတ်မရ စကားတွေ အလွန်များတဲ့သူတွေ၊ အကြောင်းအရာတခုခု ပြောနေရင် မပြီးတော့ပဲ လိုရင်းကို မရောက်တာမျိုးတွေကို မကြိုက်ဘူး။ နောက်တခုကတော့ အသက်အရွယ်နဲ့လဲ ဆိုင်ပါလိမ့်မယ်… စိတ်မရှည်နိုင်တာတွေ၊ သည်းမခံနိုင်တာတွေ တဖြည်းဖြည်းများလာတာ ကောင်းတဲ့ လက္ခဏာတခု မဟုတ်လို့ မကြိုက်ဘူး။

ဘာသာရေးနဲ့ ပတ်သက်လို့လဲ ငါးပါးသီလ လုံအောင်ကြိုးစားတာရယ်၊ အလှုအတန်း နဲနဲပါးပါးရယ် ကလွဲလို့ ဘာမှ အားထုတ်ကြိုးပမ်း မလုပ်ဖြစ်ဘူး။ တချို့သူငယ်ချင်းတွေ (မသီတာတို့ သင်းနွယ်ဇင်တို့လို) ရိပ်သာတို့ တရားစခန်းတို့ မသွားဖြစ်ဘူး။ ဘယ်နေ့ ဘယ်အချိန် သေမယ်ဆိုတာ မသိတဲ့အတွက် နောက်ဘဝကို ဘဝကူးကောင်းအောင် ကိုယ့်နောက်ပါနိုင်တာတွေကို လုပ်ဖို့ လိုအပ်တယ် ဆိုတာကို သိသိကြီးနဲ့ မေ့ထားသလို ဖြစ်နေတာ မကြိုက်ဘူး။

အချိန်တွေ စီမံခန့်ခွဲတာ ညံ့တော့ လုပ်စရာရှိတာတွေကို အမြဲတမ်း အချိန်ဆွဲပြီး နေ့ရွှေ့ ညရွှေ့ လုပ်နေမိတယ်။ ဘေလ်တွေ ပေးဖို့တွေဆို အမြဲရက်ကပ်မှ လုပ်ရလေ့ရှိတယ်။ ဖုန်းဘေလ်ဆို Reminder အမြဲရတယ်။ ဒီလို ရွှေ့ရင်း ရွှေ့ရင်းနဲ့ လူက တဖြည်းဖြည်း အကျင့်ပျက်ပြီး မေ့တတ်လာတယ်။ အရင်က တခါမှ မမေ့ခဲ့ဖူးတဲ့ အရာတွေမှာပါ မေ့တတ်လာတာ မင်္ဂလာတပါး မဟုတ်လို့ မကြိုက်ဘူး။

သေသေချာချာ စဉ်းစားရင် နောက်ထပ် မကြိုက်ချင်စရာတွေ အများကြီး ရှိနေအုံးမှာ… ခုတော့ ဒီလောက်ပဲ စဉ်းစားလို့ ရသေးတယ်။ ရသလောက်ပဲ ရေးပြီး ရပ်လိုက်တော့မယ် စိတ်ကူးတယ်။ (တွေ့လား… ဒါ အလွယ်တကူ ပြီး ပြီးရော လုပ်တတ်တဲ့ အကျင့်လေ…။ မကြိုက်ဘူး…)

အခုလို ကိုယ့်ကိုယ်ကိုယ် မကြိုက်တာတွေ ပြန်သုံးသပ်ရတာ တော်တော်များများ ပေါ်လာတဲ့အတွက် အင်မတန်မှ အားရမိပါတယ်။ (ပိုစ့်လဲ ရှည်ရှည်ရတာက တကြောင်းပေါ့)။ နောင်နှစ်ခါမှာ ဒါတွေကို အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြုပြင် တည့်မတ်သွားလို့ ရတာပေါ့ လို့ ရသေ့စိတ်ဖြေ တွေးမိပါတယ်။ တနည်းအားဖြင့်တော့ ဒါဟာ နှစ်သစ်ကူး သန္နိဋ္ဌာန် (New Year Resolution) လို့ ပြောလို့ ရပါတယ်။

ခုလဲ ဒီပိုစ့်ကိုရေးနေရင်း အချိန်က အတော်လေးကို လင့်နေပြီမို့ အနီးဆုံးလူက မှုန်တေတေနဲ့ ကြည့်နေပါပြီ။ ဒီနှစ် ၂၀၀၉ ကုန်ပြီး ၂၀၁၀ နှစ်သစ်ကို ပြောင်းဖို့ရာကလည်း ၂၄ နာရီ နီးပါး လိုသေးတာမို့ (နောင်နှစ်မှ စပြီး ပြုပြင်မယ်လို့လဲ တွေးထားလေတော့...) ကိုယ့်ရဲ့ အဆိုးကို မသိမသာလေး မေ့ဖျောက်ထားရင်း ပေတေပြီး ဆက်ရေးနေမိတယ်။ သို့သော်လည်း ကြည့်ရတာ သိပ်အခြေအနေ ဟန်ပုံမပေါ်တာကြေင့် သူ့ကို နောက်နှစ်ခါက စပြီး “သူငယ်ချင်းများနဲ့ Facebook လဲ လျော့ပါ့မယ်... အိမ်မြဲပါ့မယ်… သန်းခေါင်ညဥ့်နက် ဘလော့ဂ်ထွက်မလည်… အရင်တုံးက အချိုးမျိုးပြင်ကာ… လိမ်မာပါ့မယ်...” လို့ (စပ်ဖြဲဖြဲနဲ့) ဆိုပြပြီး ရေးလက်စ ပိုစ့်ကို မြန်မြန် လက်စသတ်လိုက်ပါတော့တယ်။

၂၀၁၀ နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ သာယာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Tuesday, December 22, 2009

နှစ်ကျပ်ခွဲ ဇာတ်လမ်း

ဟိုတလောက သူငယ်ချင်း တီတီဆွိ က ပြား၂၀ မဆွိတီ ဆိုပြီး ပိုစ့်တခုတင်ထားခဲ့ပြီး ဒီတခါကျတော့ ကိုယ်က နှစ်ကျပ်ခွဲ ဇာတ်လမ်းဆိုလို့ ဒီသူငယ်ချင်းနှစ်ယောက် ငွေရေး ကြေးရေးတွေ အတော်ပြော... ဘာတွေများ ဖြစ်နေကြပါလိမ့်လို့ မတွေးကြနဲ့လေ.. နော်…။

နှစ်ကျပ်ခွဲ ဇာတ်လမ်း ဆိုတာက ဒီလိုပါ။
ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ အလွန်တရာမှ ရိုး အ တဲ့ လူတယောက်ရှိတယ်တဲ့…။ သူက ရွာထဲမှာ ဟိုဟိုဒီဒီ ကြုံရာ ကျပမ်း အလုပ်လေးတွေ လုပ်ပြီး ရသမျှ ပိုက်ဆံလေးတွေကို ကြိုးစားပမ်းစား စုဆောင်းလေသတဲ့…။ ဒီလိုနဲ့ တနေ့မှာတော့ သူ့လက်ထဲ ပိုက်ဆံ နှစ်ကျပ်ခွဲ ရှိလာပါလေရောတဲ့…။ ဒီအခါမှာ သူ စုဆောင်းထားတဲ့ အဲဒီ ပိုက်ဆံလေး နှစ်ကျပ်ခွဲကို ဘယ်မှာမှ ထားစရာမရှိအောင် ဖြစ်နေတယ်တဲ့…။ သူက အလုပ်တွေ တပင်တပန်းလုပ်ပြီး စုဆောင်းထားရလေတော့ သူ ဒီပိုက်ဆံလေးကို အလွန် တန်ဖိုးထားတာပေါ့လေ…။ (ဟိုခေတ်တုန်းက နှစ်ကျပ်ခွဲက တော်တော်လဲ တန်ဖိုးရှိပေတာကိုး…။)

ပြီးတော့ သူ့စိတ်ထဲမှာ သူတယောက်ထဲမှာသာလျှင် အဲဒီလောက် များတဲ့ ပိုက်ဆံတွေ ရှိနေတယ်လို့ ထင်နေတာ တဲ့။ ဒီတော့ သူက သူ့ပိုက်ဆံ နှစ်ကျပ်ခွဲကို တနေ့ တနေရာ ပြောင်းပြီး လျှို့ဝှက်စွာ သိမ်းဆည်းလိုက်၊ လူခြေတိတ်တဲ့ အချိန်မျိုးတွေမှာ ထုတ်ပြီး ရေတွက်ကြည့်လိုက်နဲ့ တနေ့တနေ့ အရူးတယောက်လိုပဲ ဖြစ်နေတာ တဲ့လေ…။

ဒီလိုနဲ့ တနေ့ကျတော့ သူတို့ ရွာမှာ ဘုရားပွဲတခုကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ဖြစ်လာသတဲ့။ ဒီအခါမှာ ရွာသူ ရွာသားတွေဟာ အလှုအတန်းမှာ ပါဝင်ဖို့ အတွက် သူတို့မှာ ရှိတဲ့၊ သူတို့ စုဆောင်းထားတဲ့ ငွေကြေးတွေကို ရွာဦး ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးဆီမှာ လာပြီး လှုကြ တန်းကြတယ်တဲ့…။ ဒီတော့ ခုနက နှစ်ကျပ်ခွဲ ပိုင်ရှင်က သူ့တယောက်ထဲမှာသာ ဒီလောက်များတဲ့ ပိုက်ဆံတွေ ရှိနေတယ်လို့ ထင်ထားရာက အခုကျတော့ လူတိုင်းက သူတို့မှာ ရှိနေတဲ့ နှစ်ကျပ်ခွဲမကတဲ့ ပိုက်ဆံတွေကို လာလှုနေကြတာတွေ့တော့ အခုလို ရေရွတ်သတဲ့…။

"အော်… လူမှန်ရင် နှစ်ကျပ်ခွဲတော့ ရှိကြတာချည်းပါပဲလား…” တဲ့။

အမှန်ကတော့ ဒါဟာ ပုံပြင်လဲမဟုတ်… ဘာမဟုတ် ညာမဟုတ် စကားလေး တခွန်းအကြောင်းပါ။ ဒါပေမယ့် အဲဒီ စကားလေးဟာ ဘာလို့များ ကိုယ့်အတွက် နှစ်ကျပ်ခွဲ ဇာတ်လမ်းရယ်လို့ ဖြစ်နေတာလဲ ဆိုတာ ဆက်ပြောပြပါ့မယ်။

အခုတလော ခရစ်စမတ်နဲ့ နှစ်သစ်ကူး ပွဲတော်ရာသီမှာ နေရာတိုင်းမှာ လူတွေ ပျားပန်းခတ် သွားလာ လည်ပတ် လှုပ်ရှားနေကြတာတွေ တွေ့မိကြမှာပေါ့နော်...။ နေရာတွေတိုင်းမှာလဲ ပွဲတော်အတွက် ပြင်ဆင်ထားတဲ့ အလှအပတွေ၊ မီးလုံး မီးဆိုင်းတွေ၊ ရွှေရောင် ငွေရောင်တွေ တလက်လက်တောက်ပနေတဲ့ ခရစ်စမတ် သစ်ပင်တွေ အများကြီး တွေ့မိကြမယ် ထင်ပါတယ်…။ အဲဒီလိုနေရာတွေမှာ လူအများစုဟာ ဒီအတိုင်း လျှောက်ကြည့်နေရုံတင်မက မီးရောင်တွေ တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေ ရိုက်နေကြတာကိုလဲ သေချာပေါက် မြင်တွေ့ကြရမှာပါ…။

ပြဿနာက အဲဒီမှာ စတယ်…။
လမ်းတလျှောက် ဓါတ်ပုံရိုက်နေတဲ့သူတွေ တော်တော်များများ (တော်တော်များများ) ရဲ့ လက်ထဲမှာ တွေ့ကြရမှာက ဟိုးမနှစ် တနှစ်လောက်ကလို ဒစ်ဂျစ်တယ် ကင်မရာ ခပ်သေးသေး ခပ်ပါးပါးတွေ မဟုတ်ကြတော့တာကိုပါ။ သူတို့တွေ ရိုက်နေကြတဲ့
ကင်မရာတွေက Nikon တို့ Canon တို့ က ထုတ်တဲ့ DSLR ဆိုတဲ့ Lens အကြီးကြီးတွေနဲ့ အမည်းရောင် အကြီးစား ကင်မရာတွေပါပဲ…။ သုံးချောင်းထောက် စင်တွေရော… ကြီးမား ရှည်လျားလှတဲ့ Lens တွေကိုရော တလေးတလံ ထမ်းပိုးပြီး ဓါတ်ပုံရိုက်နေကြတဲ့ သူတွေကို တွေ့ရတော့ ကိုယ်လဲ အဲဒီလို ကင်မရာ အကြီးကြီး တခုလောက် လိုချင်စိတ် ဖြစ်လာမိပါတယ်…။

ဒီကိစ္စ ချစ်သူကို ပြောပြတော့ သူက ဘာတွေကို ရိုက်မှာမို့လို့ ဒီလိုမျိုး ကင်မရာ လိုချင်ရတာလဲ လို့ မေးပါတယ်…။ ကိုယ်ကလဲ (ဝယ်ပေးချင်စဖွယ် ဖြစ်အောင်) တွေ့ရာ မြင်ရာ အကုန်ရိုက်မှာပေါ့… လို့ ဖြေမိပါတယ်။ ဒါတင်မက အခုရှိနေတဲ့ ရိုးရိုးကင်မရာတွေက ညဖက်များမှာ ရိုက်ရင် ပုံကောင်းကောင်း မရကြောင်း၊ ဒီလို ကင်မရာ အကြီးကြီးတွေကမှ ပုံကောင်းကောင်းရနိုင်တာ ဖြစ်ကြောင်း၊ လူတော်တော်များများမှာ အဲလို ကင်မရာ အကြီးစားတွေ ကိုယ်စီ ရှိနေကြပြီဖြစ်ကြောင်း စတာတွေနဲ့အတူ တနေ့က ရောက်ခဲ့တဲ့ အောချတ်လမ်းမကြီးပေါ်မှာ ဓါတ်ပုံရိုက်နေကြတဲ့သူတွေကို ဥပမာပေးပြီး ရှင်းပြခဲ့ပါတယ်။

ပြီးတော့ ဟိုတနေ့က ရောက်ခဲ့တဲ့ စာပေဟောပြောပွဲမှာလဲ နာမည်ကြီး ဘလော့ဂ်ဂါတွေဟာ အဲဒီလို ကင်မရာ အကြီးကြီးတွေ အသီးသီး ကိုင်ဆောင်ပြီး သကာလ စာရေးဆရာ ဆရာမများကို သူ့ထက်ငါ အပြိုင်အဆိုင် ဓါတ်ပုံတွေ ရိုက်နေကြကြောင်းကိုပါ ရှည်ရှည်လျားလျား ဖြည့်စွက် ပြောဆိုမိပါသေးတယ်။

ပြီးတော့ (ဆိုင်ဆိုင် မဆိုင်ဆိုင်) ကျောင်းက အင်ဂျင်နီယာ သူငယ်ချင်းတွေ တော်တော်များများမှာ အဲလို ကင်မရာတွေ ကိုယ်စီ ကိုယ်ငှ ရှိနေကြပြီ ဖြစ်ကြောင်းကိုလဲ (အမြင်ကပ်စဖွယ် ကောင်းစွာ) ပြောမိပါသေးတယ်။ ပြောလို့ မနိုင် နိုင်တာနဲ့ ကိုင်ပေါက်တဲ့ သဘောပါ။ (အင်ဂျင်နီယာ မဟုတ်သူများ စိတ်မရှိကြပါနဲ့နော်..)

အခု လက်ရှိ အနေအထားမှာ သူ နဲနဲတော့ တွေဝေစပြုနေပါပြီ…။
ဒီကြားထဲ ကိုယ့်အတွက် စစ်ကူတယောက်လဲ ရှိနေပါသေးတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ ချစ်လှစွာသော ဖေဖေပါ။ သူ့ကိုလဲ ကိုယ့်အတွက် စစ်ကူအဖြစ် တတပ်တအား ပါဝင် ကူညီဖို့ ပြောထားပါတယ်။ ကိုယ် ပြောတဲ့စကားကလဲ တော်တော်လေးကို ချစ်စရာ ကူညီချင်စရာ ကောင်းပါတယ်။ အဲဒါကတော့ “သူ မဝယ်ပေးရင် ဖေဖေ ဝယ်ပေးရမှာနော်…” လို့ပါ။

ချစ်ရတဲ့ မေမေကလဲ သူတတ်နိုင်သလောက် တဖက်တလမ်းကနေ ကိုယ့်ကို အားပေး ကူညီပါသေးတယ်။ တီဗွီမှာ Canon EOS ကြော်ငြာလာတိုင်း သမီးရေ… ဒီမှာ.. ဒီမှာ... လာနေပြီ... လို့ ခေါ် ခေါ်ပြီး အသိပေးခြင်း နည်းနဲ့ပါ။

အရေးထဲ သူငယ်ချင်းတယောက်က အဲဒီကင်မရာရဲ့ တန်ဖိုးက ပိုက်ဆံအိတ် တလုံးစာလောက် ရှိတယ်နော် စဉ်းစားအုံး... လို့ ပြောလာလို့ ကိုယ့်ခေါင်းထဲက သချာင်္တွက်စက်တွေ နဲနဲတော့ အလုပ်များသွားပါသေးတယ်။ ဒါပေမယ့်လဲ ပိုက်ဆံအိတ်က ဖေဖေါ်ဝါရီလ IC Show လာရင် မျှော်လင့်နိုင်သေးတာမို့ အခု ၂၀၁၀ နှစ်သစ်ကူးအတွက်တော့ ဒီ ကင်မရာကိုသာ…

နောက်ဆုံးမှာတော့ ကိုယ် အဲဒီ အကြီးစား ကင်မရာကို အလွန်လိုချင်ကြောင်း သူတို့တွေ အားလုံး အခါမလပ် သတိရနေစေဖို့ အချိန်လုံး မိုးလင်း မိုးချုပ် တတွတ်တွတ်နဲ့ သတိပေး ရေရွတ်နေမိတဲ့ စကားကတော့…

“လူမှန်ရင် နှစ်ကျပ်ခွဲတော့ ရှိနေကြပြီနော်…” လို့ပါ..။

ခုထိတော့ မလျှော့သော ဇွဲလုံ့လနဲ့ ကြိုးစားနေဆဲပါ။
အဲ… မကြာခင် အချိန်တွေမှာ ဒီဘလော့ဂ် စာမျက်နှာပေါ်မှာ ကိုယ်တို့ စင်္ကာပူကျွန်းပိစိမှာ ရှိနေတဲ့ ရှိစုမဲ့စု တောင်ပုံတွေ၊ တိမ်ပုံတွေ၊ ကမ်းစပ်က ရေလှိုင်းပုံတွေ၊ ရှုမျှော်ခင်းပုံတွေ ဝေဝေဆာဆာ တွေ့လာရပြီ ဆိုရင်တော့ ကိုယ့်လက်ထဲ အဲဒီ နှစ်ကျပ်ခွဲကြီး ရောက်နေပြီလို့သာ မှတ်ယူကြပါတော့…။

Friday, December 18, 2009

ပျင်းသောနေ့


ပျင်းစရာ အလွန်ကောင်းသောနေ့တနေ့၏ အစ ဖြစ်ပါသည်…။
အိပ်ရာမှ မထချင်အောင် ပျင်းနေမိသည်။ ခွင့်ယူပြီး ဆက် အိပ်နေရရင် ကောင်းလေမလားဟု တွေးမိသော်လည်း တနေ့တာ လုပ်ရမည့် အလုပ်များက ခေါင်းထဲကို စီကာ စဉ်ကာ ရောက်လာကြသည်…။ မတတ်သာသည့်အဆုံး ပျင်းပျင်းနှင့် အိပ်ရာမှ ထလိုက်ရသည်…။

ရာသီဥတုကလဲ ကိုယ့်ကို နဲနဲလေးမှ မျက်နှာသာမပေးပါ…။
မိုးမလင်းခင်ထဲက ရွာနေသော မိုးကလဲ ရုံးချိန်နီးလေ ပိုသည်းလေ…။
အို… ပျင်းစရာ ကောင်းပေစွ။

မိုးမှောင်မှောင်နှင့် အမြန်မောင်း လမ်းမကြီးပေါ်မှာ ကားတွေအားလုံး ဘရိတ်မီးလေးတွေ တလက်လက်နှင့် အနှေးမောင်း ပြိုင်နေကြသည်။ ကားတွေလဲ မိုးအေးသောကြောင့် ပျင်းနေကြပုံပေါက်သည်။ တလိမ့်လိမ့်နှင့် လိမ့်နေကြပုံမှာ လိပ်များအလား...။ သည်အတိုင်းဆို ရုံးကိုတော့ ရောက်တော့မှာပါပဲ…။

အချိန်လွန်မှ ရုံးကိုရောက်တော့လဲ အချင်းချင်း မိုးအေးသောကြောင့် အလုပ်လာရသည်မှာ အင်မတန်မှ ပျင်းစရာကောင်းကြောင်းတွေသာ သူ့ထက်ငါ အပြိုင်အဆိုင် ပြောဆိုနေကြသည်။ ပျင်းပျင်းနှင့် ကော်ဖီတခွက် သွားဖျော်မိသည်။ ပြီးတော့ ပျင်းပျင်းနှင့် ဂျီတော့ခ် ဝင်ကြည့်မိသည်။ တဆက်တည်းမှာ ဖေ့စ်ဘွတ် လဲ ဝင်မိပါသေးသည်။

အို… အားတက်စရာ… ကိုယ့်လို လူတွေချည်းပါပဲလား…။
သူတို့တွေ အားလုံးနီးနီး စိုစွတ်စွတ် ရာသီဥတုကြောင့် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းကြောင်းတွေ အသီးသီး ရေးထားကြသည်။ အိပ်ရာထဲမှာ စာအုပ်ကလေးတအုပ်နှင့် ကွေးနေရသော် ကောင်းလေစွ ဟု ရေးသားထားသူ တယောက်ကို အားပေး ထောက်ခံထားကြသူ အတော်ပင် များပြားသည်ကို တွေ့ရလေသည်။။

ဂျီတော့ခ် မှ သူငယ်ချင်း မိတ်ဆွေများနှင့် အပျင်းပြေ စကားစမြည်များ ပြောဆိုကြသည်။ တနေ့တနေ့ စက်ရုပ်တရုပ်ပမာ အလုပ်လုပ်ရသည့် ဘဝကြီးကို ပျင်းရိကြောင်းတွေသာ အပ်ကြောင်းထပ်သည်။ တချို့ကတော့ စားရမှာ ပျင်းလို့ ချက်တောင် ချက်မစားတော့ဘူး ဆိုပဲ…။ သည်နေရာမှာတော့ ကိုယ်နဲ့ နဲနဲ သဘောထားချင်း တိုက်ဆိုင်သည်။ ကိုယ်က အစာ စားရမှာ ပျင်းသူတယောက်လေ… သို့သော် ပျင်းပျင်းနဲ့ ချက်တော့ ချက်ပါသည်။ စိတ်ပါလျှင် ပိုပိုပြီး ကောင်းကောင်း မွန်မွန် ချက်တတ်ပါသည်။ (ကိုယ့်အကြောင်းသိသူတွေ ထောက်ခံမဲ ပေးကြပါ…)

သည်လိုနှင့် နေ့လည်စာ စားချိန်ရောက်လာသည်။ မိုးလေးကလဲ တစိမ့်စိမ့်…။ အပြင်ထွက်စားရမှာ ပျင်းသောကြောင့် KFC မှာစားရန် အားလုံး သဘောတူကြသည်။ မိုးအေးအေးထဲမှာ ရောက်လာရသောကြောင့် KFC တွေ အနည်းငယ် အေးနေသည်မှလွဲ၍ စားကောင်းပါသည်။ စားပြီးတော့ အသီးသီး နေရာတွင် ပြန်ထိုင်ကြပြီး ရသမျှ အချိန်လေးမှာ ဘလော့ဂ် ဖတ်သူက ဖတ်၊ ရုပ်ရှင်တို့ ယူကျူ့တို့ ကြည့်သူတွေက ကြည့်…။ သည်တွင် အံ့သြစရာကောင်းပုံက ဘယ်သူ့ ဘယ်သူ ဆီကမှ ဘလော့ဂ်ဖတ်ရတာ ပျင်းလိုက်တာ… ရုပ်ရှင်ကြည့်ရတာ ပျင်းလိုက်တာ… သီချင်းနားထောင်ရတာ ပျင်းလိုက်တာ… ဟူသော အသံမျိုး မကြားရခြင်းပင်။

အချိန်တန်တော့ ဖတ်လက်စတွေ ကြည့်လက်စတွေ နားထောင်လက်စတွေ အသာ ချပြီး အလုပ်ပြန်စဖို့ ပြင်ကြရသည်။ တခဏ အကြာမှာ စားထားသော KFC ၏ တန်ခိုးတော်ကြောင့် မျက်စေ့များ လေးစင်းလာသည် ဟူသော အသံများ ဟိုမှ သည်မှ ကြားလာရသည်။ အလုပ်ထဲမှာ အာရုံစိုက်၍ မရတော့ပြီ ဟု ဆိုကာ အသီးသီး ကော်ဖီဖျော် ထွက်ကြပြန်သည်။ ပြီးတော့ သူ့မှာ ကိုယ့်မှာ ရှိနေတတ်ကြသော စားစရာ အချို အချဉ် များ ရှာဖွေကာ လဲလှယ် စားသောက်ကြပြန်သည်။ အိပ်ချင်ပြေ အပျင်းပြေ မတ်တပ် မတ်တပ် ဟိုလျှောက် သည်လျှောက် လျှောက်နေကြသည်။ ထို့အပြင် “ပျင်းလိုက်တာနော်… ၆ နာရီရယ် မြန်မြန်ထိုးပါတော့…” ဟု ရေရွတ်နေသူရှိသလို ၆ နာရီထိုးရန် မည်၍ မည်မျှ လိုသေးသည်ကို တိုင်းတာ တွက်ချက်နေသူလဲ ရှိသည်။

ရုံးမဆင်းခင် ပျင်းပျင်းနှင့် ဂျီတော့ခ်မှာ သူငယ်ချင်းတွေနှင့် စကားပြောမိသေးသည်။ မီးစိမ်းလေး လင်းနေသော သူငယ်ချင်းတယောက်ကို “ပျင်းလိုက်တာဟာ…” ဟု ပြောလိုက်သောအခါ သူက “အင်းလေ… ငပျင်းတွေကလည်း တဖြည်းဖြည်းနဲ့ များ များလာတယ်…” ဟု ထောက်ခံလေသည်။ နောက်တယောက်ကတော့ ကိုယ့်ကို “ပျင်းတယ်… သီချင်းဆိုပြပါ…” ဟု ပြောလာသောကြောင့် အခြေအနေ အချိန်အခါ နှင့် လိုက်ဖက်ညီသော သီချင်းတပုဒ် ဆိုပြလိုက်မိသေးသည်။

Rain.. Rain… Go Away…
Come again Another Day…
All the Children Want to Play…
Rain.. Rain… Rain… Go Away…!!!

ကဲ… မကောင်းလား…။

သူငယ်ချင်းနှင့် စကားပြောနေစဉ် အပျင်းပြိုင်ကြသူများ အကြောင်း ပုံပြင်ကို သတိရနေမိသေးသည်။ သို့သော် ထိုပုံပြင်ကိုတော့ အားလုံး သိပြီးသား ဖြစ်နေသည်က တကြောင်း၊ ပြောရမှာ ပျင်းနေသည်က တကြောင်းတို့ကြောင့် မပြောဖြစ်တော့ပါ။

သည်လိုနှင့် အိမ်ပြန်ချိန်ရာက်လာသည်။ အိမ်ပြန်ရမှာ ပျင်းလိုက်တာ ဟု ပြောမည့်သူများ ရှိနေမလားဟု အသာ နားစွင့်နေမိသေးသည်။ သို့သော် မည်သူမျှ မပြောကြ။ ပျော်ပျော်ပါးပါးနှင့် အလှအပများ ပြင်ဆင်ကာ အိမ်ကိုပြန်ကြလေသည်။

အိမ်ရောက်သောအခါ ကိုယ့်ရုပ်ကိုကြည့်ကာ ဘယ်လို ကောက်ချက်ချလိုက်ကြသည် မသိ…။ “ညစာ ချက်ရမှာ ပျင်းနေလား… ပျင်းရင် အပြင်မှာ သွားစားကြမယ်လေ မိုးလဲ တိတ်သွားပြီ…” ဟု ချစ်သူများက ဆိုလာသောကြောင့် သဘောတွေ့သွားသည်မှာ ဆိုဖွယ်ရာမရှိ…။ ကိုယ့်လို ပျင်းတတ်သောသူတွေကြောင့် ဆိုင်ပြည့်နေသည်။ သည်လိုနှင့် ညစာကို အပြင်မှာ ပျင်းပျင်းနှင့် စားခဲ့သည်။

အိမ်ရောက်သောအခါ အများပြည်သူများ တီဗွီကြည့်နေကြစဉ် ကိုယ်က ရေမိုးချိုးပြီး ကော်ဖီ တခွက်ဖျော်၊ ဖတ်လက်စ စာအုပ်တအုပ် ကောက်ကိုင်ကာ ဇိမ်လုပ်ရန် စိုင်းပြင်းလေသည်။ ဘယ်လောက်မှ မကြာလိုက် ဟု ထင်ရသည်။ အချိန်ကား ၁၂ နာရီ ခွဲနေလေပြီ…။ မအိပ်ချင်သေးသော်လည်း ပျင်းပျင်းနှင့် အိပ်ရတောာ့မည်။ မနက်ဖြန်လဲ ပျင်းပျင်းနှင့်ပင် အလုပ်သွားရပေအုံးမည်။ သေချာတာတခုကတော့ ကိုယ် စိတ်မဝင်စားပဲ ပျင်းရိသော အရာများအတွက် အချိန်တွေ ကုန်နိုင်ခဲသလောက် ကိုယ် စိတ်ပါဝင်စားပြီး ပျော်မွေ့သော အရာများအတွက်မူကား အချိန်တို့သည် အလွန်တရာမှ ကုန်ဆုံးလွယ်သည်ပဲ…။

ကိုယ်သည် အစစ အရာရာတွင် သေချာချင်သူ တယောက်ဖြစ်သည်။
ထိုအခါ ကုန်လွန်သွားသော နေ့စွဲများတွင် စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ၊ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လုပ်စရာရှိသည်များကို ဝတ္တရားအတိုင်း (ပျင်းပျင်းနှင့်) လုပ်ကိုင်နေကြရင်း အချိန်တွေကုန် နေကြရသည်မှာ ကိုယ်တယောက်ထဲ မဟုတ် ဆိုသည်ကို သေချာချင်သော စိတ်ဆန္ဒကြောင့် ဤပိုစ့်ကို ရေးပါသည်။ ပျင်းတတ်သောသူ အချင်းချင်း ပျင်းဖေါ်ညှိသည် ဟုလည်း ဆိုနိုင်ပါသည်။

စိတ် သဘောထားချင်း တိုက်ဆိုင်သူများ အားပေးခြင်းအမှု ပြုကြပါကုန်…။


Monday, December 14, 2009

ကိုယ်ပိုင် နေ့စွဲ

ထိုနေ့စွဲတခုကို လူတိုင်းပိုင်ဆိုင်ကြသည်။
ထိုနေ့သည် ဘဝအတွက် အမှတ်ရစရာ နေ့စွဲ တခု ဖြစ်၏။
ဘဝကို ဖြတ်သန်းသွားလာနေရစဉ် ထိုလမ်းတလျှောက်တွင် ခလုတ်ကန်သင်းများလဲ တွေ့ခဲ့ဖူးသည်။ ချောမွေ့ပြေပြစ်သော လမ်းမကျယ်များကိုလည်း တွေ့ခဲ့ရသည်။ မိုးများ သည်းထန်စွာ ရွာသွန်းသော နေ့များကိုလဲ တွေ့ကြုံခဲ့ရသလို နှင်းများဖွဲသွန်းသော နေ့များကိုလည်းတွေ့ခဲ့ ကြုံခဲ့ရသည်။ ထို့အတူ တိမ်သား မိုးသားများ ကင်းစင်ပြီး ကြည်လင်တောက်ပသော နေသာနေ့များကိုလည်း ကြုံခဲ့ရသည်ပင်…။

သည်လို အနိမ့်အမြင့် အကွေ့အဝိုက်တွေနှင့် ဖြတ်သန်းလာရာ လမ်းတလျှောက်တွင် အမှတ်ရစရာ နေ့စွဲ အများအပြားကိုလည်း ကျော်ဖြတ်ခဲ့ဖူးသည်။ ထိုနေ့စွဲများထဲတွင် တချို့ကို စွဲစွဲလမ်းလမ်း မှတ်မိနေတတ်ပြီး တချိ့ကိုမူ ဖာသိဖာသာပင် အမှတ်တမဲ့ ကျော်ဖြတ်သွားလိုက်သည်။ လူဆိုသည်မှာ ကိုယ့်အတ္တကိုသာ ရှေ့တန်း တင်တတ်ကြသူများ မဟုတ်ပါလား…။

ထိုနေ့စွဲများအကြောင်းကို စဉ်းစားလိုက်တိုင်း ဘဝကိုယ်စီအတွက် အချိန်များကို တိုင်းတာ သတ်မှတ်ပေးသော ကိုယ်ပိုင်နေ့စွဲတခုသည် ဟိုး ထိပ်ဆုံးမှ ပါဝင်နေလေသည်။ ထိုနေ့စွဲတခုတွင် ဘဝကို စတင်ခဲ့သည်။ ဘဝကို မွေးဖွားခဲ့သည်။ သည်လိုနှင့် ဘဝတခု အသက်ဝင် ရှင်သန်စေခဲ့သည်။ သို့သော် ဘဝကို နိဂုံးချုပ် အဆုံးသတ်မည့် နေ့စွဲကိုတော့ မည်သူမျှ သေချာတပ်အပ် မပြောနိုင်ချေ။

လောလောဆယ်တွင် ထိုနေ့စွဲတခုကို ကိုယ်စီကိုယ်ငှ အကြိမ်ပေါင်း အတော်များများ ဖြတ်ကျော်ခဲ့ကြဖူးပြီ…။ ထိုနေ့စွဲတခုကို ဖြတ်ကျော်ပုံခြင်း အနည်းအကျင်းသာ ကွဲပြားခြားနားနိုင်ကြသော်လည်း အမှတ်တမဲ့ ကျော်ဖြတ်ခဲ့သူတော့ဖြင့် လွန်စွာမှပင် နည်းပါးပေလိမ့်မည်။ အများစုကတော့ ထိုနေ့စွဲများကို မိဘ ဆွေမျိုးများ၊ ညီအကို မောင်နှမများ၊ သူငယ်ချင်း မိတ်ဆွေများ၊ ပြီးတော့ ချစ်သူ ခင်သူများနှင့် အတူတူ ရှိနေပြီး တပျော်တပါး ကုန်ဆုံး ကျော်လွန် ဖြတ်သန်းတတ်ကြသည်ချည်းသာ…။ ဒါတွေသာမက ထိုနေ့စွဲလေးအတွက် ရည်ရွယ်ကာ ကျေးဇူးရှင် မာတာမိခင်ကို ကျေးဇူးတင် ဂါရဝပြုတတ်ကြသလို အလှုဒါနပြုကြသူ၊ ကျောင်းကန် ဘုရားများတွင် ကောင်းမှု ကုသိုလ်ပြုကြသူများလည်း အများအပြား...။

ပြီးတော့ မိမိတို့ အမှတ်တရ အလေးထားတတ်ကြသော ထိုနေ့စွဲတခုတွင် မိမိတို့ ချစ်သူ ခင်သူတို့ကို အနီးအနားတွင် အတူတကွ ရှိစေချင်သည်မှာ ဆန္ဒတခု။ အလားတူ မိမိ၏ ချစ်သူ ခင်သူတဦး တယောက်၏ အမှတ်တရ ထိုနေ့စွဲ တွင်လည်း ထိုသူ၏ အနားတွင် ကိုယ်တိုင် ကိုယ်ကျ ရှိနေပြီး ကြည်နူးစရာ အချိန်များကို အတူတူ ကျော်လွန် ဖြတ်သန်းချင်ကြသည်မှာလည်း အမှန်ပင်…။ သို့သော် အခြေအနေ အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် တယောက်နှင့်တယောက် ဝေးကွာနေရသော အချိန်ကာလများတွင်မူ အဝေးတနေရာမှ ဆုတောင်းပေးခြင်းတခုသာ ပျြုနိုင်ခဲ့ကြသူများလည်း မနည်း…။ အမျိုးမျိုးပေါ့…။

မည်သို့ပင်ဖြစ်စေ...
ကိုယ့် ကိုယ်ပိုင်နေ့စွဲများကို အတတ်နိုင်ဆုံး အဓိပ္ပါယ်ရှိရှိနှင့် အကောင်းဆုံး ကျော်လွန် ဖြတ်သန်းစေရင်း… ကုန်လွန် ဖြတ်သန်းလာခဲ့သော နေ့စွဲများကို နောက်ပြန် လှည့်ကြည့်လိုက်တိုင်း စိတ်အနှောက်အယှက် ဖြစ်စရာများ၊ နောင်တရစရာများ မတွေ့ရလေအောင် စွမ်းဆောင်ရင်း… ကိုယ်တိုင် ယုံကြည်ရာ လမ်းမများ၊ ကိုယ် အလိုရှိရာ တောင့်တရာ အောင်မြင်မှုများဆီသို့ တလှမ်းချင်း တိုးဝင် လှမ်းလျှောက်သွားနိုင်ရန် ကြိုးစားရင်း… ကိုယ့် စိတ်ကူး၊ ကိုယ့် အိပ်မက်များကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်အောင် အားထုတ်ရင်း… ကိုယ့် ကိုယ်ပိုင်နေ့စွဲလေးများကို အကြိမ်ပေါင်း မြောက်များစွာ ဆက်လက် ပိုင်ဆိုင်ကြရစေဖို့ မျှော်လင့် ဆုတောင်းသွားကြရအောင်လေ…





*** ဒီဇင်ဘာလ ၁ ရက်၊ ၆ ရက်၊ ၁၂ ရက်၊ ၁၄ ရက်၊ ၁၆ ရက်၊ ၁၇ ရက်၊ ၂၀ ရက်၊ ၂၅ ရက် နဲ့ ၂၈ ရက်တွေမှာ ကျရောက်သော မွေးနေ့ရှင် ချစ်သူငယ်ချင်းများ နှင့် ဘလော့ဂ်ဂါ မောင်နှမများ အားလုံးအတွက် အမှတ်တရ ရည်ရွယ် ရေးသားပါသည်။ ပျော်ရွှင် ကြည်နူးစရာကောင်းသော ကိုယ်ပိုင်နေ့စွဲလေးများ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ…။

Friday, December 11, 2009

အဖြူရောင် အိပ်မက်

ဘယ်အချိန်မှာမဆို အနက်ရောင်နှင့် အရောင်ရင့်ရင့်များကိုသာ စွဲစွဲမြဲမြဲ နှစ်နှစ်သက်သက် ဝတ်ဆင်ပြီး ဘယ်တုန်းကမှ အဖြူရောင်ကို မနှစ်သက်ခဲ့ဖူးသော သူတယောက်၏ စိတ်ထဲတွင် ထိုတနေ့ကမှ ထူးထူးခြားခြား အဖြူရောင် အင်္ကျီလေးတထည်ကို ဝတ်ဆင်လိုသော ဆန္ဒဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် သူသည် အဖြူရောင် အင်္ကျီ တထည်ကို ဝယ်ယူ၍ ရနိုင်မည့် နေရာများသို့ သွားရောက်ကာ သူအလိုရှိသော အင်္ကျီ အဖြူလေးတထည်ကို လိုက်လံရှာဖွေမိပါသည်။

*****

ပထမဆုံး သူသည် ကြီးကျယ်ခန်းနားလှသော ကုန်တိုက်ကြီး တခုကို ရောက်သွားခဲ့သည်။ ကျယ်ဝန်းလှသော အခန်းကြီးများနှင့် အထပ်ပေါင်းများစွာရှိသော ထိုကုန်တိုက်ကြီးတွင် ဈေးဝယ်သူများ၊ လှည့်ပတ် ကြည့်ရှုနေကြသူများနှင့် လွန်စွာ စည်ကားလှပါသည်။ ထိုသို့ စည်ကား များပြားလှသော လူအုပ်ကြီးထဲမှာ လိုက်ပါ စီးမျောလျှောက်လှမ်းနေရင်း အဝတ်အထည်များနှင့် အင်္ကျီများရောင်းသော နေရာသို့ ရောက်လာခဲ့ပါသည်။ စိတ်ထဲတွင် ကြိုတင် တွေးမြင်ထားသော အင်္ကျီဖြူဖြူလေးများကို သွက်သွက်လက်လက် မျက်စေ့ကစားကာ ရှာဖွေကြည့်ပါသည်။ သို့သော် အဖြူရောင်နှင့် ဆင်ဆင် တူသော ဘာအဝတ်အစားကိုမျှ မတွေ့ရချေ။ အဝတ်အထည်များ အားလုံးသည် ခရမ်းရောင်၊ အနက်ရောင် နှင့် အပြာရောင် များသာ ဖြစ်နေတော့သည်။ ဘာကြောင့်ပါလိမ့်ဟု သူ စဉ်းစားတွေးတော၍ မရနိုင်ခင်မှာပင် ဈေးဝယ်သူ လူအများအပြားတို့သည် ထို ခရမ်းရောင်၊ အနက်ရောင်နှင့် အပြာရောင် အဝတ်အထည်များကို သူ့ထက်ငါ ကြိတ်ကြိတ်တိုး ဝယ်ယူနေကြတော့သည်။ အနည်းငယ်နောက်ကျိ ညစ်ညူးသော စိတ်အစဉ်တို့ဖြင့် သူသည် ထို ကုန်တိုက်ကြီးမှ ထွက်ခွာလာခဲ့တော့သည်။

ဒုတိယ သူရောက်သွားသောနေရာသည် အရင်ကုန်တိုက်ကြီးလောက် ကြီးကျယ် ခန်းနားမှုမရှိသော်လည်း သူအလိုရှိနေသော အင်္ကျီအဖြူရောင် တထည်ကိုတော့ဖြင့် တွေ့နိုင်ပါလိမ့်မည်ဟု သူ တထစ်ချ ယုံကြည်နေမိသည်။ ထိုယုံကြည်ချက်တို့ဖြင့် အဝတ်အထည်များ ရောင်းချသောနေရာဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားမိလေသည်။ ဈေးဝယ်သူ ခပ်ကျဲကျဲသာ ရှိသော နေရာတခုဖြစ်သောကြောင့် ညီညာလှပစွာ တန်းစီ ချိတ်ဆွဲထားသော အင်္ကျီများကို သူ အဝေးကပင် လှမ်းမြင်တွေ့နေရပါသည်။ သူလိုချင်သော အရာတခုကို ရတော့မည် ဟူသော အပျော်စိတ်ဖြင့် ခြေလှမ်းများ သွက်လက်လာသည်။ သို့သော် ထိုအင်္ကျီများ အနီးသို့ရောက်သောအခါ သူ မှန်းချက်နှင့် နှမ်းထွက် လွဲသွားသည်ကို သိလိုက်ရသည်။ သူရှာဖွေနေသော အဖြူရောင်မှလွဲ၍ အရောင်စုံ စီစီရီရီ တွေ့နေရသော အင်္ကျီများကို ကြည့်ကာ ဒုတိယအကြိမ်အဖြစ် စိတ်ပျက်လက်ပျက် ထိုနေရာမှ ခွာခဲ့တောာ့သည်။

တတိယနေရာအဖြစ် မည်သည့်နေရာကို ရွေးရမည်ကို စဉ်းစားနေစဉ်မှာ အတွေးထဲတွင် တခါက သူငယ်ချင်းတယောက်နှင့်အတူတူ ညစာသွားစားဖူးသော နေရာတခုကို သွားသတိရမိသည်။ ဟုတ်ပြီ… စားသောက်ဆိုင်များနှင့် အတူ အထည်အဝတ်များ ရောင်းချသောဆိုင်များ တည်ရှိရာ ထိုနေရာမှာ အင်္ကျီအဖြူရောင်တချို့ ရှိကို ရှိရမည်။ ထိုအတွေးစိတ်ကူးတို့ကြောင့် လူလဲ ပြန်လည်ပေါ့ပါးလာသည်။ ထိုနေရာသည် အနည်းငယ် အလှမ်းဝေးနေသောကြောင့် ပင်ပန်းနေသည့်အတူတူ အငှားကားကို စီးသွားရန် ဆုံးဖြတ်လိုက်သည်။ ကားမငှားခင် အအေးတခွက်လဲ ဝယ်သောက်လိုက်သေးသည်။ သည်လိုနှင့် သူ သွားလိုသည့်နေရာကို ဆိုက်ဆိုက်မြီုက်မြိုက် ရောက်လာခဲ့သည်။

မြို့လည်ခေါင် လူရှုပ်ရှုပ်နေရာများနှင့် ဆန့်ကျင်စွာ အေးဆေး တိတ်ဆိတ်သော ထိုလမ်းကလေးတွင် ပြူတင်းပေါက် ရောင်စုံတို့ဖြင့် ရှေးဟောင်း နှစ်ထပ်တိုက် ပုပုလေးများ ညီညာစွာ စီတန်းနေသည်။ အိမ်ဆိုင်လေးများနှင့် ဆင်ဆင်တူသော ဆိုင်တန်းကလေးကို ကြည့်ရင်း သည်နေရာတွင်မတော့ အင်္ကျီဖြူကလေး တထည် ရတော့မည်ဟု ကိုယ့်ဖာသာ သေချာနေပြန်သည်။ သည်လိုနှင့် တဆိုင်ဝင် တဆိုင်ထွက် အင်္ကျီအဖြူ ရှာပုံတော်ဖွင့်ရင်း လမ်းတလျှောက် ဘယ်ဖက်ရော ညာဖက်ပါ ရှိနေသော ဆိုင်များ အားလုံးရောက်ခဲ့သော်လည်း ဘယ်ဆိုင်မှာမှ အဖြူရောင် အထည်အဝတ် မတွေ့ခဲ့ရပါ။ ယုတ်စွအဆုံး ထိုနေရာများတွင် ဆင်ယင်ထားသော ခန်းဆီး လိုက်ကာများကပင် အဖြူရောင် မဟုတ်ကြ။

ထိုအချိန်တွင် သူ၏ စိတ်အစဉ်တွင် အဖြေမထုတ်နိုင်သော ပုစ္ဆာတခုက သိသိသာသာကြီး အနှောက်အယှက်ပေးနေပြီ ဖြစ်သည်။ တနေကုန် နေရာစုံ လူအပင်ပန်းခံကာ လိုက်လံ ရှာဖွေခဲ့သော်လည်း အဖြူရောင် နှင့် ဆင်ဆင်တူသော အဝတ်အစား တခုတလေကိုမျှပင် မတွေ့ခဲ့ရချေ။ တခုခုတော့ ကြီးကြီးကျယ်ကျယ် မှားယွင်းနေသည်မှာ သေချာနေပါသည်။

ညနေစောင်း အလင်းရောင် ကုန်ခါနီး အချိန်သည် စိတ်ညစ်ညူးနေသူတယောက်ကို ပိုပို၍ စိတ်ညစ်လာစေသည်။ ခြေလှမ်းများ၏ စေညွှန်ရာကို အသိမဲ့နေသူတယောက်လို လိုက်ပါလာရင်း တနေရာအရောက်တွင် လင်းလက်နေသော မီးရောင်များကို တွေ့လိုက်သောကြောင့် သူ လမ်းလျှောက်နေရာမှ အသာရပ်ကြည့်လိုက်မိသည်။ ဘုရားပွဲလို ဆင်ဆင်တူသော ပွဲတခုဟု အကြမ်းအားဖြင့် သူနားလည်လိုက်ပါသည်။ ရုတ်တရက် ခေါင်းထဲမှာ ပေါ်လာသော အကြံအစည်တခုကြောင့် အနီးရှိ ခုံတန်းလေးတခု တခုပေါ်မှာဝင်ထိုင်ရင်း တက်ကြွ ပျော်ရွှင်နေသော လူအများကို တယောက်ချင်းစီ စေ့စေ့စပ်စပ် လိုက်ကြည့်နေမိသည်။ ထိုလူတွေထဲမှာ အဖြူရောင် အင်္ကျီဝတ်ထားသူများ တယောက်တလေ ပါလာခဲ့သည်ရှိသော် ထိုလူကို အသာ ခွင့်တောင်း၍ ခေါ်ယူပြီး ထိုအင်္ကျီမျိုး ဝယ်ယူ၍ ရနိုင်မည့်နေရာကို တီးတိုး မေးကြည့်မည်။ ထိုခဏမှာတော့ ခက်ခဲသော သချာင်္ပုစ္ဆာ၏ အဖြေမှန်ကို ရသွားသော ကျောင်းသားလေးတယောက်ပမာ သူ ပျော်ရွှင်နေပြန်သည်။ သို့သော် ကံဆိုးလှစွာပင်… ထို များပြားလှသော လူတွေကြားထဲတွင် အင်္ကျီအဖြူရောင် ဝတ်ဆင်ထားသူ တဦးတယောက်မျှ မတွေ့ရချေ…။

ထိုစဉ် မမျှော်လင့်ပဲ သူ့အနီးသို့ အဖြူရောင် အဝတ်စတခု လွင့်မျောလာသည်ကို ထူးဆန်းစွာ တွေ့လိုက်ရသည်။ ဝမ်းသာ လှုပ်ရှားလှသော စိတ်ဖြင့် ထိုအဝတ်စကို လိုက်လံ ဖမ်းဆုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။ တခါ ကံကောင်းထောက်မစွာ လေတချက်အဝှေ့တွင် ထိုအဝတ်စလေးကို အမိအရ ဖမ်းဆုတ်မိလိုက်သော်လည်း ချက်ချင်းပင် လက်မှလွတ်ကာ လွင့်ထွက်သွားပြန်လေသည်။ သို့သော် ကြည့်နေရင်းမှာပင် အံ့သြဖွယ်ရာ… စကားပြောသံ ခပ်တိုးတိုးသည် ထိုအဝတ်ဖြူစဆီမှ ထွက်ပေါ်လာလေသည်။

“မင်းက အချိန်လုံး အဖြူရောင်ကို ညစ်ပေလွယ်သလေး၊ အနက်ရောင်ဝတ်ရင် ပိန်သလေး၊ အဖြူရောင်ဝတ်ရင် ဝ သလေး ဘာလေးနဲ့ မကောင်းထင်ပြီး အဖြူရောင်ကလွဲရင် တခြားအရောင်တွေကိုပဲ ဝတ်နေတာကိုး… မင်းအဝတ်ဘီဒိုထဲမှာ မင်းပြန်ကြည့်စမ်း… အရောင် မှောင်မှောင်တွေ အရောင် မှုန်မှုန် မှိုင်းမှိုင်းတွေ… လူကြီးတွေက နေရာတကာ အဲဒီလို အရောင်တွေကို ဝတ်တာ မနှစ်သက်ပါဘူး ပြောပြောနေလဲ မင်း ဝတ်နေတာပဲ မဟုတ်လား…။ ခုလဲ မင်းကိုယ်မင်းပြန် ကြည့်စမ်း… အပေါ် အနက် အောက် အနက်နဲ့… ဖိနပ်ကလဲ အနက်ရောင်…။ အခုမှ ဘာစိတ်ကူးပေါက်ပြီး အဖြူရောင်ကို လိုက်ရှာနေရတာတုန်း… ဒါကြောင့် အခု ဒါဏ်ပေးတဲ့ အနေနဲ့ အဖြူရောင်က မင်းကို ပုန်းပြီး သပိတ်မှောက်နေကြတာပေါ့… နောင်ကို ဘာမဆို မျှမျှတတ ဖြစ်ပစေ… ကြားလား… တခါလာလဲ ဒီ အနက်ရောင်၊ တခါလာလဲ မီးခိုးရောင်… မင်္ဂလာရှိတဲ့ ပွဲလမ်းသဘင်တွေမှာလဲ အနက်ရောင်တွေ… နေရာတကာ ဒီလို အရောင်ကိုပဲ တွင်တွင်ဝတ်ပြီး သွားနေတဲ့ မင်းရဲ့ အကျင့်ကို အခုကစပြီး ဖျောက်တော့.. ဟုတ်ပြီလား…”

စကားပြောသော အဝတ်ဖြူစလေးကို အံ့သြတကြီး ကြည့်နေရင်း သူ ဘာမှ ပြန်မပြောလိုက်နိုင်ခင်မှာပင် ထိုအဝတ်စကလေးသည် ဟိုး အမြင့်ကြီးဆီသို့ လေနှင့်အတူ ပေါ့ပါးစွာ ဝဲလွင့်သွားလေတော့သည်။ ကြည့်နေရင်း ကြည့်နေရင်းမှာပင် ထိုအဝတ်စလေးသည် ကောင်းကင်ပေါ်ရှိ တိမ်တိုက်များကြားထဲ ဝင်ရောက်ပြီး မျက်စေ့အောက်မှ လုံးလုံးလျားလျား ကွယ်ပျောက်သွားလေတော့သည်။

*****

စောစောစီးစီး မြည်လာသော ဆူဆူညံညံ တယ်လီဖုန်းသံကြောင့် အိပ်ရာမှ သူ လန့်နိုးလာခဲ့သည်။ ဖုန်းကို တော်တော်နှင့် မဖြေသောကြောင့် ကူဖြေပေးရန် အိပ်ခန်းထဲသို့ ရောက်လာသော မေမေ့ကို အိပ်မှုန်စုံမွှားဖြင့် ကြည့်ရင်း “ခုနက စကားတွေလာပြောနေတဲ့ အဝတ်ဖြူစလေးရော ဘယ်ရောက်သွားတာလဲ မေမေ… အခု ဖုန်းခေါ်နေတာကရော သူပဲလား…” ဟု ကယောင်ကတမ်း မေးလိုက်မိပါသည်။ ထိုမေးခွန်းကို နားမလည်နိုင်စွာဖြင့် အူကြောင်ကြောင် ဖြစ်နေသော မေမေ့ အကြည့်တို့ကြောင့် သူ အိပ်မက်က လန့်နိုးလာတာမှန်း ချက်ချင်းသိလိုက်ပါသည်။

နာရီကြည့်လိုက်တော့ ၉ နာရီ နီးနီးရှိနေပြီ။ ခဏနေရင်တော့ ရေမိုးချိုးပြီး ဈေးသွားမည်။ ဒီတခါတော့ဖြင့် သူ တကယ် အလိုရှိနေသော အဖြူရောင် အင်္ကျီလေးတထည်ကို အိပ်မက်ထဲမှာ နှင့်မတူ၊ နေရာတော်တော်များများမှာ လွယ်လင့်တကူ ရှာဖွေ ဝယ်ယူနိုင်လိမ့်မည် ဟု သူ တထစ်ချ ယုံကြည်နေမိပါသည်။


Wednesday, December 2, 2009

ကော်ဖီခွက်ထဲက မိုးတိမ်

ကဗျာတွေ အများကြီး ရေးချင်ပေမယ့် မရေးတတ်တဲ့ ကိုယ့်အတွက်၊ ပြီးတော့ Sweet December အတွက် လက်ဆောင်ရလာတဲ့ ကဗျာလေးတပုဒ် နဲ့ ဓါတ်ပုံလေးပါ...။



ကော်ဖီခွက်ထဲက မိုးတိမ်

ငါက… အန္တရာယ်များမှ
ကခုန်လှုပ်ရမ်း
ခရီးကြမ်းပေါ် ပျော်တဲ့သူ…

ငါက… အသွင်အမျိုးမျိုးဆောင်
တောတောင်တွေ သိမ်းပိုက်ဖူးသူ…
မြစ်ချောင်းတလျှောက် ပင်လယ်ပေါက်ထိ
ရှိသမျှအကုန် သိမ်းပိုက်ဖူးသူ…

နောက်ပြန် မကြည့်တတ်သူဆို
ဘယ်သူမှ မငြင်းကြ
ရူးသွပ်ခြင်းနဲ့ မုန်တိုင်းတွေကို
သည်းသည်းပါအောင် သတ်လုံး
ဟောဒီ မိုးတိမ်က ရှုံးပွဲမရှိ…

ကံကျချိန်
ဓါတ်ဘူး တိမ်တိမ်လေးထဲ
ရွှဲရွှဲစိုတဲ့ အခါကျ
ဝီစကီခွက်ထဲက
သတိရ စိတ်ပူမိတဲ့
အမေ့ရဲ့ စားဝတ်နေရေး
ချစ်သူရဲ့ ဆေးရေးပန်းချီ
အချိန်တန်ပြီ ပြေးဖက်လွမ်းရင်း
အော်… ကိုယ်မင်းအတွက် ဆင်တိမ်နဂါး
တိုးနယားတွေ ပြန်ဆင်ပေးရအုံးမယ်…

ချစ်သူရေ…
တို့တွေ ခရီးရှည် ဘယ်မျှ
ချီတက်ရစေအုံးတော့
မလျှော့တဲ့ အနမ်းတွေ
လေပြေနဲ့ စေမြန်း
မခမ်းတဲ့ အချစ်တွေ
ပင်လယ်လို ဝေဆင်း
ပေါင်းစပ်ခြင်းရှိလာတဲ့ အခါကျ
ဘာမှ မလပ်စေရဘူးကွယ်…

အဲဒီနေ့ဟာ
နွေ သို့မဟုတ် မိုး
တိုးဖက်ရမယ့်ဆောင်း
အကြောင်းမဟုတ်ရ
တလှပ်လှပ်ရင်
ခုံမင်ချိုမြ
ဟောဒီက မိုးတိမ်တစင်း
ချစ်ခြင်းနဲ့ မင်းအတွက်
ကိုယ်… ကော်ဖီခွက်ထဲမှာလေ
စိတ်ကြိုက်သာ ကိုယ့်ကို သောက်ပါ မေ…


အမှတ်တရ ရေးပို့လာတဲ့ ကဗျာလေးရဲ့ပိုင်ရှင်ကို ကျေးဇူး အများကြီးတင်ပါတယ်…။
နောင်ကိုလဲ မိုးတိမ်တိုက်တွေလို လှပတဲ့ ကဗျာတွေ အများကြီး ရေးနိုင်ပါစေ လို့ ဆုတောင်းပါတယ်…။




Tuesday, December 1, 2009

မေ့နိုင်စွမ်းစေ

မနက်တွေ နေ့တွေ ညတွေ
ရက်တွေ နှစ်တွေ လတွေ
အိပ်ရာထပြီး အိပ်ရာဝင်တယ်
မိုးလင်းတာနဲ့ အသစ်တွေ ဖြစ်ချင်မိတယ်
မိုးချုပ်ပြီဆို အဟောင်းတွေ သွန်ပစ်ရင်းပေါ့…

တံခါးတွေ ဖွင့်စကလို
တံခါးတွေ ပြန်ပိတ်တော့လည်း
မသိမသာ ဖြစ်စေချင်သည်
တံခါးဘောင်တွေ ပွန်းပဲ့တာ
မိုးတွင်းမို့ တံခါးတွေ ကြပ်တာ
လေတိုးလို့ တံခါးမှန်ကွဲတာ
အရာအားလုံးကို မသိချင်…

နှင်းတွေပဲရွှဲလို့
မိုးတွေပဲစိုစို
နေတွေပဲပူပူ
နေ့ရက်တိုင်း အသစ်ဖြစ်လို့
အတိတ်ကိုလည်း မသိ
အနာဂါတ်ကို မတွေး
လက်ရှိကိုလည်း မေ့နိုင်စွမ်းပါရစေ…

*** Contributed by ရွာသားလေး (ဝိုင်တီယူ)

Sweet December to all of you..!!!