Wednesday, February 10, 2010

နှင်းနဲ့အတူ

သည်းလည်း သည်း မစဲ နိုင်တဲ့ နှင်းရယ်…
ဘယ်လိုစိတ်ကူး ဘယ်လိုအညှိုးနဲ့များ
မနား မရပ် တထပ်ပြီး တထပ်
ဟောဒီ ရင်ဘတ်ပေါ် မပြတ်တမ်း အေးခဲနေတာလဲကွယ်…

ဒီမှာ ငါက
အမေနဲ့ဝေး အိမ်နဲ့ဝေး
ချစ်သူနဲ့ဝေး ရင်ငွေ့ဝေး
အေးခြင်းမက အေး…
ဘဝ စကတည်းက အေးခဲပြီးသားပါ နှင်းရယ်…

စိတ်ထိန်းပါ…
တဖြေးဖြေးချင်းပေါ့ နှင်းရယ်…
ငါက ဒီလို အေးခြင်း ခဲခြင်းထက်
တဖွဲဖွဲ ကျဆင်း မစဲတဲ့ နှင်းတွေ ကုန်သွားမှာ စိုးလို့နေ…
တကယ်ဆို ငါအနား ချစ်သူရောက်လာချိန်မှာ
တပျော်တပါး ကြည်နူးဆော့ကစားဖို့
နှင်းကြွင်း လက်ကျန်…
နဲနဲလောက်တော့ ချန်ထားပေးပါအုံး နှင်းရယ်…

အခုတော့
သွားလို့မရ လာလို့မရ…
သယ်ယူလို့ မရ ဝယ်ယူလို့ မရ…
မြင်ကွင်းထဲက ဖျောက်မရ….
တောက်ပလိုက်တဲ့ နှင်းရယ်…
မင်းကလဲ သည်းနိုင်သလောက် သည်း…
ကဲ… ငါကလဲ စွမ်းနိုင်သလောက် လွမ်း…

ဒီအချိန်မှာ နှင်း…
မင်းမသိလိုက်တာ တခုက
ရင်ထဲက တချက်ကလေး တမ်းတလိုက်ရုံနဲ့
ကမ္ဘာ့တဖက် အဝေးက
ငါ့အတွက် နွေးထွေးစေမယ့်
မေတ္တာ ရင်ငွေ့
ချစ်သူက မမေ့တမ်း လှမ်းပို့နေသတဲ့…

ဒီလိုသာဖြင့်… ငါက သေချာ
နှင်းခါးတောင်ထဲ ကာလရက်တွေ
ကြာချင်သလောက်သာ ရှည်ကြာ
နှင်းနဲ့အတူ ချမ်း နှင်းနဲ့အတူ လွမ်းရင်း
ရင်ခုန် ကျေနပ်နေနိုင်တယ်…

နှင်းရယ်…
ငါရယ် မင်းရယ် ချစ်ခြင်းတွေရယ်က
ရင်ထဲက အပူပိုင်းကျွန်းသူလေးအတွက်
စတော်ဘယ်ရီတခွက်လို ချိုစေ အေးစေ ပြီး
ကော်ဖီတခွက်လို နွေးထွေးစေမယ် ဆိုရင်တော့ဖြင့်
တို့တတွေ…
မလျှော့တမ်းဇွဲနဲ့ မစဲတမ်း ကြဲဖြန့်…
ချစ်ရသူကို ရည်ရွယ်မှန်း ဝေးလျက်က လွမ်း
လွမ်းလိုက်ကြစို့ နှင်းရယ်…
လွမ်းလိုက်ကြစို့ နှင်းရယ်…
လွမ်းလိုက်ကြစို့ နှင်းရယ်…။



(အများသူငါတွေ နှင်းအကြောင်း ရေးကြသည်ကို အားကျသဖြင့် ကာလံ ဒေသံကိုလိုက်၍ အချိန်နှင့် တပြေးညီ ခေတ်မှီအောင် ဖွဲ့ဆိုထားသော ကဗျာတပုဒ် ဖြစ်ပါသည်။ နှင်းနှင့်အတူ ချမ်းနေသူ၊ နှင်းနှင့်အတူ လွမ်းနေသူ၊ နှင်းနှင့် အတူ သက်ဆိုင် ခံစားနေသူများအတွက် ရည်ရွယ်ပါသည်။ စိတ်ကူး အတွေးနှင့် စကားလုံး တချို့အတွက် နှင်းတောထဲမှ မိတ်ဆွေတယောက်ကို ကျေးဇူးတင်ပါသည်။)

21 comments:

  1. ခင်ဝမ်းသီချင်းတစ်ပုဒ်ကို သတိရမိတယ်

    ReplyDelete
  2. လွမ်းလိုက်ကြစို့ နှင်းရယ်၊
    အလွမ်းမှာ ပျော်မွေ့လို့
    လွမ်းလိုက်ကြပါစို့၊

    ကဗျာလေး သိပ်လှတယ်။
    နှင်းတွေနဲ့တော့ မကစားဖူးသေးဘူး၊
ိကိုးရီးယားရုပ်ရှင်ထဲမှာတော့ ချစ်သူတွေ နှင်းတွေနဲ့ ပစ်ပေါက်တမ်းကစားနေကြတာပဲ။

    ReplyDelete
  3. ကောင်းလှချည့်လား..ဒေါင်းမြကြည်ရယ်...အဲလေ....မယ်သက်ရယ်
    ညည်းအကိုကြီးကတော့..လွမ်းနေတဲ့အထဲမပါဘူး..ချမ်းတဲ့အထဲပါတယ်..း)))....လွမ်းနေတယ်ဆိုတဲ့သူက..အနောက်ဖက်ကမ်းရိုးတန်းက အမြဲလွမ်းပုဂ္ဂိုလ် ကြီးလေ.....း)

    ReplyDelete
  4. လွမ်းလွန်လွန်းလို့လိမ့်လိမ့်လူး....ပါလား....ကဗျာလေး နုပါ၏....:))
    နှင်းတောထဲက မိတ်ဆွေတယောက်...??

    ReplyDelete
  5. Thx 4 beautiful & warm blankets ..poem.....
    Appreciate your kindness :)

    ReplyDelete
  6. အစ်မရဲ. ကဗျာလေးက ရင်ထဲကို တကယ်ထိတယ်။ :)

    ReplyDelete
  7. ဒီမှာ ငါက
    အမေနဲ့ဝေး အိမ်နဲ့ဝေး
    ချစ်သူနဲ့ဝေး ရင်ငွေ့ဝေး
    အေးခြင်းမက အေး…
    ဘဝ စကတည်းက အေးခဲပြီးသားပါ နှင်းရယ်…

    စာဖတ်သူတွေရဲ့ ရင်ငွေ့နဲ နွေးရအောင် နောက်လည်း လာမယ်နော်

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  8. ချစ်စရာကောင်းလိုက်တဲ့ ကဗျာ.. နှင်းတွေကြားကနေ အတူတူ ကူလွမ်းသွားပါ၏...

    ReplyDelete
  9. "လွမ်းလိုက်ကြစို့ နှင်းရယ်…
    လွမ်းလိုက်ကြစို့ နှင်းရယ်…
    လွမ်းလိုက်ကြစို့ နှင်းရယ်…။"
    ........
    ............
    .............
    တဲ့လားကွယ်

    ReplyDelete
  10. နှင်းကဗျာလေးကို
    သဘောကျတယ်...
    အသက်ဝင်တဲ့ နှင်းတွေကို
    ခံစားသွားတယ်နော်..

    နှင်း(နှင်းနဲ့မာယာ)

    ReplyDelete
  11. မလာပါနဲ့ နှင်းရယ်.. အအေးမိပြီး ခေါင်းကိုက်တာ တူနဲ့ထုနေသလားထင်ရတယ်..
    တို့ဘ၀တွေက ကဗျာမဆန်ပါဘူးနှင်းရယ်။ ဟိ
    mm

    ReplyDelete
  12. ကိုအောင်သာငယ်ကြီးကို လက်ဆောင်ပေးလိုက် မမ.. :))

    ReplyDelete
  13. ချိုသင်း -

    တရားသဘောမှာ စစ်ကြည့်ရင်
    အများပြောစရာ ဖြစ်မိနေပြီလား... ကွဲ့...
    “နှင်း”ကို လွမ်းတာပဲကွယ်
    မုန်းတာမှ မဟုတ်ပဲ...
    နော့လေ...

    သက်ဝေ -

    ကဗျာလေးက ဟက်တက်ကြီး ထိရှတယ်...
    ကဗျာလေးအတွက် ကျေးဇူးအထူးတင်ပါတယ်...
    ခုတော့
    သီချင်းလေး တပိုဒ် ဆိုပြီး ပြန်သွားတယ်...း)

    (ဆောင်းရယ်... နှင်းရယ်... ကိုယ့်ချစ်သူရယ်...
    အတူတူပါပဲကွယ်...
    အသည်းမှာ အမြဲ တင်စားကမ္ဗည်းချယ်...
    ဆောင်းဆိုသည်က အေးးမြခြင်းကို သရုပ်ဆောင်တယ်...
    ငွေနှင်းဖြူက သန့်စင်တယ်လို့ အဓိပ္ပါယ်ကို ယူမယ်...
    ချစ်သူကကွယ်... ဆောင်းနှယ်အေးလို့... နှင်းလိုဖြူတယ်...
    ဆောင်းရယ်... နှင်းရယ်... ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်...)

    လွမ်း... တယ်... နှင်း... ရေ့...

    ReplyDelete
  14. နှင်းတွေဝေတဲ့အိမ်ကို..
    လာပါတယ်..နှင်းရယ်..အဲ့လေ.မသက်ဝေရယ်..၀။


    အဝေးမှ
    အမျိုးတစ်ယောက်
    ပေါက်

    ReplyDelete
  15. စင်္ကာပူမှာလဲ မြန်မာပြည်ကလို နှင်းကျတယ်လား။
    စာဖတ်သူ

    ReplyDelete
  16. ဪ...သူများ သားသမီးတွေများ စပ်တတ်လိုက်တာ....
    အေးလေ စပ်တတ်ဆို အရင်ပိုစ့်မှာ ငရုတ်သီးကြီး တခင်းများတောင် တင်လိုက်ပါရောလား....
    အံ့ရော....အံ့ရော....:))

    ReplyDelete
  17. ကဗျာလေးကကောင်းလိုက်တာ။ ဖတ်ရင်းတောင်တုန်..တုန်..တုန်..လာပြီ ဟီးဟီး။

    ReplyDelete
  18. မသက်..
    နှင်းကိုဖွဲ့ ဆိုထားတာ အရမ်းကောင်းတယ်..။
    ချီးကျူးတယ် မသက်ရေ..
    ကျနော်ကအဲဒီလောက် စိတ်သွားတိုင်းလက်မပါနိုင်ပါဘူး..။
    ထပ်တူခံစားသွားပါတယ်..။

    ReplyDelete
  19. ကဗျာလေးကို လာဖတ်ကြသူများ၊ မှတ်ချက်ရေးသွားကြသူများနဲ့ ကဗျာလေးကို ကောင်းတယ်လို့ ပြောသွားကြသူများ အားလုံးကို တကယ်ပဲ ကျေးဇူးအများကြီး အများကြီး တင်ပါတယ်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...