Thursday, August 5, 2010

Passport သက်တမ်းတိုး နောက်ဆက်တွဲ

မနေနေနိုင် ရေးထားပြီးဖြစ်တဲ့ တွေ့ကြုံလေသမျှ... ရဲ့ နောက်ဆက်တွဲ ဖြည့်စွက်ချက် အသစ်လေးတွေပါ။

ပြီးခဲ့တဲ့ တနင်္လာနေ့က စပြီး သံရုံးမှာ ဓါတ်ပုံ ထပ်ရိုက်ရပါတယ်။ ပုံတွေပေးပြီးသားလေလို့ မငြင်းပါနဲ့… အခုက စာအုပ်ထဲမှာ တိုက်ရိုက်ထည့်ဖို့ Digital System နဲ့ဖြစ်ပြီး Print Out ထုတ်ပေးမှာ မဟုတ်ပါဘူး။ ဓါတ်ပုံရိုက်ထားပြီး စလစ်လေးကို သုံးကျပ်ပေးပြီး ဝယ်ရမှာဖြစ်ပါတယ်။ မနက်ပိုင်း အခွန်ဆောင်ဖို့ နေ့လည်ပြန်လာရင် သံရုံးထဲမှာ အတန်း သုံးတန်း ဖြစ်နေမှာ ဖြစ်ပါတယ်။ ဝင်ဝင်ချင်း တန်းစီနေတာကတော့ ဓါတ်ပုံရိုက်မယ့် အတန်းပါ။ စောစောများရောက်နေခဲ့ရင် ဓါတ်ပုံကြိုရိုက်ထားနှင့်တာ အဆင်ပြေပါတယ်။ အလယ်တန်းက အခွန်ဆောင်ဖို့ပါပဲ။ အခွန် ပြေစာရရင် ပြေစာကို မိတ္တူ ဆွဲဖို့ မမေ့ပါနဲ့ဦး။ အခွန်ဆောင်တုန်းက IC ကဒ် ကော်ပီ၊ စာအုပ်ကော်ပီ ပေးပြီးသားဖြစ်ပေမယ့် ပတ်စပို့ သက်တမ်းတိုးဖို့ နောက်ထပ် ကော်ပီတစ်စုံစီ ပါရမှာဖြစ်ပါတယ်။ အခွန်ကို အခုလောလောဆယ် ၂၀၁၀ မတ်လအထိ မဖြစ်မနေဆောင်ပေးရမှာမို့ ငွေသား အလုံအလောက် ယူလာဖို့လည်း လိုအပ်ပါတယ်။

တလတိတိ သို့မဟုတ် ထို့ထက်ပို၍ ခွင့်ပြန်သူများ ပတ်စပို့ အဝင်အထွက် တုံးများ ပြ၍ အဆိုပါလအတွက် အခွန်လျှော့ဆောင်၍ ရကြောင်းလည်း သိစေလိုပါသည်။ သို့သော် တလပြည့်ရန် တရက်လိုပါကလည်း ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

အားလုံးစုံပြီဆိုရင် အတွင်းဘက် အကျဆုံး အတန်းမှာ လက်ဗွေ နှိပ်ဖို့ တန်းစီရမှာပါ။ လက်ဗွေ မနှိပ်ခင် စာရွက်စာတမ်းတွေ စုံလင်မှု ရှိမရှိကို သက်ဆိုင်ရာ အရာရှိက စစ်ဆေးမှာ ဖြစ်ပြီး သူတို့လိုအပ်ရင် လိုအပ်တာကို ထပ်မံတောင်းယူပါလိမ့်မယ်။ ပြီးရင် စာအုပ်အသစ်ထုတ်ဖို့ မလန ဖြတ်ပိုင်းလေးတခုမှာ လာထုတ်နိုင်တဲ့ နေ့ရက် ရက်ချိန်း ရေးပေးလိုက်မှာဖြစ်ပါတယ်။ အရေးတကြီး လိုအပ်သူများ မိမိ၏ရုံး အထောက်အထား ပူးတွဲပြပြီး စောစောထုတ်ပေးစေဖို့ အရေးဆိုနိုင်ပါတယ်။

သို့သော် တခါတရံတွင် Passport စာအုပ်များ ကုန်သွားတတ်သည့် အတွက် စာအုပ်ထုတ်ပေးသည့်ရက်မှာ ထုတ်လို့မရရှိတတ်ပါ။ ယခုအပတ်အတွင်း ထုတ်ပေးရန် ချိန်းဆိုထားသော စာအုပ်များထုတ်မပေးနိုင်သည်မှာ သုံးရက်ရှိသွားပြီဖြစ်ပြီး စာအုပ်မရသဖြင့် အလုပ်လုပ်ခွင့် ကဒ်ပြား သက်တမ်းတိုးရန် အဆင်မပြေဖြစ်သူများအပြင် ထို့အတွက်အလုပ်မှ ရပ်စဲခြင်းခံလိုက်ရသူများလည်း ရှိလာပါတယ်။ အဆိုပါလူများအတွက် IC ကဒ် မိတ္တူပေးပြီး သံရုံးမှ Passport Extension Processing Letter များ လာရောက် တောင်းဆိုနိုင်ပါတယ်။ သို့ရာတွင် မည်သည့် အလုပ်လုပ်ခွင့်ကဒ်ပြား ကိုင်ဆောင်သူမဆို ကဒ်သက်တမ်းဖြစ်စေ၊ Passport သက်တမ်းဖြစ်စေ ကုန်ခါနီးမှ ကပ်ပြီး မတိုးပဲ ကြိုတင်တိုးထားကြဖို့ သတိချပ်စေလိုပါတယ်။

ထို့အပြင် ပြည်တွင်း မှ လာရောက် အလုပ်ရှာသူများ Passport သက်တမ်းကို အပြင်မှာ တိုးရတာ လွယ်တယ်ဆိုပြီး ထွက်မလာစေလိုပါ။ ယခင်လို Short Visit သမားများ ကြိုတင် ဝင်ခွန်ဆောင်သော်လည်း Passport သက်တမ်း တိုးပေးမည် မဟုတ်တော့ပါ။ ပြည်တွင်းတွင်သာ တိုးရန် သတ်မှတ်ထားပါသဖြင့် ဒီရောက်မှ ပြန်ရခြင်းမျိုး မဖြစ်စေရန် ထွက်မလာခင် Passport သက်တမ်း တစ်နှစ်အထက်ရှိဖို့ လိုအပ်ကြောင်းများ စသည် စသည်…..

မှတ်ချက် ။ ။ မကြာသေးတဲ့ ရက်ပိုင်းအတွင်းက သူငယ်ချင်းတယောက် Passport သက်တမ်းတိုး အပြီးမှာ သူ့အတွေ့အကြုံကို ရေးပြီး ပို့လာတာပါ။ Passport သက်တမ်းတိုးမယ့်သူများ ဗဟုသုတ အဖြစ် ဖတ်ကြည့်ဖို့ မျှဝေလိုက်ပါတယ်…။

20 comments:

  1. စနစ်သစ်မပြောင်းခင်လေးတင် တိုးထားတာ.. ၂နှစ်ကျော်တောင်ကျန်သေးတယ်.. လိုတဲ့အခါသုံးရအောင် ဗဟုသုတရလို ကျေးကျေးမမသက်ဝေ..

    ReplyDelete
  2. ပွဲစားအပ်လိုက်လေ 50ပဲပိုပေးရတယ် သံရုံးတစ်ခေါက်ပဲသွား. ၂ပတ်နေစာအုပ်ပွဲစားဆီယူလိုက်. ကိုယ်တိုင်သွားရင် ဒေါသတွေထွက်ရလို့ အသက်တိုနိုင်တယ်

    ReplyDelete
  3. passport အသစ် သွားမလုပ်ရသေးဘူး။ လုပ်ရင် အလှူငွေလေးပါ တစ်ခါထဲ ဆွဲသွားရမှာ။
    ပွဲစားပဲ အပ်ရင်ကောင်းမလား စဉ်းစားနေပါသည်။

    ReplyDelete
  4. နောက် ၂နှစ်ကြာမှတိုးရမှာ.....အဲဒီအချိန်ကျရင် အခွန်တွေပေးချင်မှပေးရတော့မှာ...........လို့ တိတ်တိတ်လေး မျှော်လင့်လျှက်.........အက်...အက်....အက်..... :D

    ReplyDelete
  5. ဂျင်းလည်း passport သက်တမ်းတိုးဖို့ရှိနေတာ အနားနီးမှတိုးရင်ကောင်းမလားစဉ်းစားနေတာ တော်ပြီ စောစောပဲ သွားတိုးလိုက်တော့မယ်။ အခုလိုမျှဝေပေးလို့ ကျေးဇူးပါမမ။း)

    ReplyDelete
  6. အမည်မသိ အတွက် စာရေးသူမှ ပြန်စာ...

    ပွဲစားနဲ့ဆောင်ရင် တစ်ခေါက်ပဲသွားရတာ မှန်ပါတယ်။ ဒါပေမယ့် နှစ်ပတ်အတွင်း မရပါဘူး။ ကိုယ်တိုင်ပြောမှ ရတာပါ။ ဒါလည်း ရ မရ မသေချာပါဘူး။ သံရုံးကတော့ လာထုတ်ရမယ့်ရက်ပေးတာ မှန်ပေမယ့် စာအုပ် ရှိ မရှိ အပေါ် မူတည်ပါတယ်။ စာအုပ်မရှိရင် အဲ့ဒီရက်ချိန်းထားပေမယ့် မရတတ်ပါဘူး။

    အခုရေးထားတာတွေက ပွဲစားနဲ့ဆောင်ပေမယ့် ကိုယ်တိုင်သွားတဲ့အခေါက်မှာ လုပ်ရမယ့် အရာတွေပါ။ ဓါတ်ပုံရိုက်တဲ့အခါ ပွဲစား လိုက်မပေးပါဘူး (ကိုယ့်ပုံပဲရိုက်ရမှာ ဖြစ်လို့ပါ)။ လက်ဗွေနှိပ်တဲ့အခါ ပွဲစား လိုက်မပေးပါဘူး (ကိုယ့်လက်ဗွေပဲနှိပ်ရမှာ ဖြစ်လို့ပါ) ။

    ပွဲစားက လက်ဗွေနှိပ်မယ့်နေ့ကို ချိန်းပါလိမ့်မယ်။ ရုံးကခွင့်ယူရ ခက်တယ်ဆိုတဲ့သူတွေ သတိထားဖို့လိုပါသေးတယ်။ မသွားခင် ပွဲစားကို သေချာအောင် ထပ်မေးပါ။ အခွန်ဆောင်ပြီး စာရွက်ထွက်ပြီလား ဆိုတာကိုပါ။ ပွဲစားလက်ထဲကို အခွန်ဆောင်ပြီး စာရွက်ရောက်မှ စိတ်ချရပါတယ်။ မဟုတ်ရင် နောက်တခေါက်ထပ်သွားရပါလိမ့်မယ်။

    ReplyDelete
  7. Hi Ma Thet Wai,

    I've just called Myanmar Embassy and asked about it as I am also waiting for my new passport ( I applied mine two months ago).The lady who answered my phone call said that...( in exact words ) "There's no such thing like photo-taking sessions at Embassy for the new e-passports".

    I am not sure what she said is true or not.:D

    Just sharing the info regarding this matter.

    rgds,
    one of your readers

    ReplyDelete
  8. ဒုတိယ အမည်မသိ အတွက် စာရေးသူမှ ပြန်စာ...

    အပေါ်မှာ အသေအချာ ရေးထားပါတယ်... သံရုံးမှာ ဓါတ်ပုံရိုက်ခြင်းကို ဒီတနင်္လာနေ့ကမှ စပါတယ်။ အခုမှ စတဲ့အလုပ်များဖြစ်လို့ နောက်ဆက်တွဲများလို့ ခေါင်းစဉ် ပေးထားခဲ့တာပါ။

    လွန်ခဲ့တဲ့ နှစ်လက ကလျှောက်ထားသူ ဖြစ်ပါက ဓါတ်ပုံပြန်ရိုက်ဖို့ မလိုအပ်တော့ပါဘူး။ ပွဲစားနဲ့ အဆက်အသွယ်ရှိရင်လည်း ပွဲစားတွေကို မေးကြည့်နိုင်ပါတယ်။ သံရုံးကို ဒီရက်ပိုင်းသွားသူများ မိတ်ဆွေထဲမှာ ရှိရင် မေးမြန်းကြည့်စေချင်ပါတယ်။ အခုကတော့ ကိုယ်တိုင် ပြုလုပ်လာတာမို့ ဒီ့ထက်သေချာတာ မရှိတော့ပါဘူး။

    ReplyDelete
  9. Ma Thet Wai,

    Sorry for causing some confusion.

    Actually, I called embassy Today at about 4pm after reading your post.
    And asking them whether we need to take photographs at Embassy for new E-passports and I also told them that I heard from my friends about this and it ( photo-taking ) just started this week.

    I'm just asking her as general enquiry. ( I didn't mention my own case ).

    And the lady ( she is foreigner )who answer my phone said exactly what I wrote in my previous comment. She means nothing like this( photo-taking ) is happening NOW at the embassy.

    There is a possibility that she( the staff) is foreigner and she may not really know what is happening at the front desk.

    Thanks for your reply, anyway. :)

    one of your readers

    ReplyDelete
  10. အို... ဘာပဲဖြစ်ဖြစ်... တို့ကတော့ နိုင်ငံတော်အစိုးရရဲ့ စေတနာတွေကို နားလည်ပြီးသား။
    (ပြီးမှ လူမသိသူမသိ ဝှူးကနဲ လေပူကြီးတချက် အသာမှုတ်ထုတ်လိုက်ရသည်။)

    ပုံ... အခွန်ထမ်းပြည်သူတဦး။

    ReplyDelete
  11. ကိုပေါ... ယုံတယ်.. ယုံတယ်... နိုင်ငံတော်အစိုးရရဲ့ စေတနာတွေကို နားလည်ပြီးသား ဆိုတာ ယုံပါတယ်...
    (ကြောက်ကြောက်နဲ့ ခပ်မြန်မြန်လေး ပြန်ပြောလိုက်ရတယ်... အဟိ...)

    အပေါ်က အမည်မသိရေ...
    စာလာဖတ်တာ ကျေးဇူးတင်ပါတယ်...
    အမေးနဲ့ အဖြေတွေကြားမှာ တခုခုတော့ မှားနေတယ် လို့ ထင်ပါတယ်... ကိုယ့် Profile မှာ Email ရှိပါတယ်... သေချာချင်ရင် Mail ပို့လိုက်ပါ... ဓါတ်ပုံပြန်ပို့ပေးလိုက်ပါ့မယ်... ဒီ့ထက်သေချာတာ မရှိတော့လို့ပါ...း))

    ReplyDelete
  12. အခွန်ရုံးနဲ့ပက်သက်လာရင် ဘာမဟုတ်တာလေးတွေတောင် နားလည်မှုလွဲနေကြပါလားလို့ ကော်မန့်ဖတ်ပြီး နားလည်သွားပါတယ် :)

    ReplyDelete
  13. kom: Ko Paw said... ပုံ... အခွန်ထမ်းပြည်သူတဦး။ (ကိုပေါက အခွန်ထမ်းတယ်ဆိုပါလား။

    ReplyDelete
  14. ဗြိတိန်က မြန်မာ သံရုံး ကတော့ ဓာတ်ပုံကို print out လဲ ထုတ်လာခိုင်းတယ် Digital copy ကိုလဲ CD ထဲမှာထည့်လာခိုင်းပါတယ်။ သိတ်မခက်ပါ

    ReplyDelete
  15. အမရေ... ကျွန်မကိုယ်တိုင်ပွဲစားနဲ့အပ်ခဲ့တာပါ... အမပြောသလို လက်ဗွေကိုယ်တိုင်နှိပ်မှ ရတယ်ဆိုတာမှန်ပေမယ့် ကျွန်မကိုယ်တိုင်နှိပ်ခဲ့တဲ့အချိန်က ည 7:30 မှပါ.. ပွဲစားတွေက အဲဒီအချိန်ကျမှ သူအပ်ထားတဲ့သူတွေကို ခေါ်ပြီး လုပ်ပေးတာပါ.. အလုပ်လည်းမပြတ်ခဲ့ပါဘူး.. ကျွန်မလုပ်တုန်းက Photo ကို ရိုက်ပြီးမှပေးရလို့ photo ကိုတော့မသိပါ..

    ReplyDelete
  16. အပေါ်က မြန်မာလိုရေးသွားသော အမည်မသိသို့ စာရေးသူမှ ပြန်စာ...

    ရေးထားတဲ့စာကို သေသေချာချာ ဖတ်စေချင်ပါတယ်။ ပေးချင်တဲ့ Message နဲ့ သဘောပေါက်တာနဲ့ လွဲနေတယ်…။ ယခင်နဲ့ယခု ဆိုတာ ဘယ်တော့မှ မတူတတ်ပါဘူး။ ဒီနေ့နဲ့ မနက်ဖြန်လည်း မတူတတ်ပါဘူး။ စည်းမျဉ်း စည်းကမ်းတွေလည်း တနေ့ တမျိုးဖြစ်နေတတ်ပါတယ်။

    ဟုတ်ပါတယ်… အရင်က အဲ့ဒီအချိန်ထိ သံရုံးဖွင့်ပေးခဲ့ပါတယ်။ အခု နောက်ပိုင်း ငါးနာရီခွဲ ခြောက်နာရီမှာ သံရုံးပိတ်ရပါတယ်။ အရင်က ပေးတဲ့ ဓါတ်ပုံနဲ့တင် ပြီးပါတယ်။ အခု မပြီးတော့ပါဘူး။

    ဒါ့ထက်ဆိုရင် အရင်က စာအုပ်မလုံလောက်ရင် စာအုပ်ပေါ်မှာ သက်တမ်းတိုးတုံး ထုပေးမယ် ပြောခဲ့တယ်။ အခု ထုမပေးနိုင်တော့ဘူး။ စာအုပ်အသစ်ကိုပဲ ထုတ်ပေးတော့မှာဖြစ်ပါတယ်။

    စာအုပ်မလုံလောက်ခြင်းနဲ့ ကိုင်ဆောင်ထားတဲ့ ကဒ်သက်တမ်းတိုးဖို့ ကိစ္စကို သုံးသပ် ဆင်ခြင်ပြီး မဖြစ်သင့်မဖြစ်ထိုက်တာတွေ မဖြစ်ကြစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတဲ့ ပိုစ့် ဖြစ်ပါတယ်။

    အရင်တုန်းက မလုပ်ရလို့ အခုလဲ မလုပ်ဖူးလို့ ပြောလို့မရပါ။ အခု ပြောထားသမျှဟာ အရင်က လုပ်ခဲ့တာတွေနဲ့ မလုံလောက်လို့ ထပ်ပြောပေးတာပါ။ အရင်အတိုင်းပဲဆိုရင် မနေနေနိုင်ရဲ့ ပို့စ်နဲ့တင် ပြည့်စုံနေပါပြီ။

    ReplyDelete
  17. မသက်ဝေ...
    အခွန်ကိုအရင်လိုဘာလို.ခွဲဆောင်လို.မရတော.တာလဲဗျာ။
    ကျနော်ဆိုနှစ်နဲ.ချီဆောင်ရမှာမို....
    နည်းလမ်းလေးများရှိရင်.....

ွှံHT

    ReplyDelete
  18. သက်တမ်းတိုးဖို့ အသွား
    ၁) အခွန်ဆောင်ဖို့ ကို နောက်တပတ်ထပ်ချိန်းပါတယ်
    ၂) အခွန်ဆောင်ပြီး မှ ဓါတ်ပုံ ရိုက်ခွင့် ရှိပါတယ်
    ၃) လက်ပွေနှိပ် က ဓါတ်ပုံ နဲ့ တခါထဲ လုပ်လို့ ၇ပါတယ်
    ၄) နောက်ချိန်းတဲ့ရက်ကို ထပ်သွားရပါတယ်

    ရ ချင်ရ မရချင် နောက်တခေါက် ထပ်သွား
    မကျေနပ်ရင် လာမတိုးနဲ့ တဲ့
    ပြတ်သားပါပေတယ် ။

    ReplyDelete
  19. နောက်အစိုးရသစ်တက်လာရင် သက်ဝေကို စင်္ကာပူနိုင်ငံလုံးဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်ဖို့ လွှတ်တော်မှာ အဆိုတင် သွင်းမယ်ကွာ။း )

    ReplyDelete
  20. သိင်္ဂီနွယ်August 6, 2010 at 1:13 PM

    ဘယ်နေရာဖြစ်ဖြစ် ရှုပ်ထွေးလှချည်လား...
    ဒီစာအုပ် အနီလေးက...
    ဖတ်၊ မှတ်၊ မန့်တာတွေကြည့်.. ခေါင်းနောက် ပြန်သွားပါတယ် သက်ဝေရေ...

    အဲ..သူတို့ တင်ထားပေးရမယ့် အချက်အလက်တွေ သက်ဝေ တင်ထားပေးလို့ ကျေးဇူး.. :)

    စာတွေလာဖတ်ပြီး မန့်မရလို့ လှည့်ပြန်ရတာ အကြိမ်ကြိမ်.. :(

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...