Tuesday, October 5, 2010

မိုးရွာချိန် အတွေး

မိုးတွေက သည်းသည်းထန်ထန် ရွာနေကြသည်။ မိုးကို မမုန်းသော်လည်း တခါတခါ မိုးရွာလျှင် အလွန် စိတ်ညစ်မိသည်။ တခါတခါမှာတော့ မိုးရွာနေချိန်မှာ မိုးစက်များကို ငေးကြည့်ရင်း စိတ်အစဉ်သည် ဟိုဟို ဒီဒီ လွင့်ပါးနေတတ်သည်။ တခါတခါမှာတော့လည်း မိုးရေစက်များကို ကြည့်ရင်း ငယ်ငယ်က မိုးရေထဲမှာ လမ်းလျှောက်ခဲ့ဖူးသော အချိန်များကို သတိတရရှိမိသည်။ သည်လိုနှင့် လွန်ခဲ့သော ရက်အနည်းငယ်က မိုးတွေ ရွာနေသောနေ့တနေ့တွင် မိတ်ဆွေတယောက်နှင့် စကားပြောဖြစ်သည်။ ဘာရယ်မဟုတ် မိုးရွာနေချိန်မှာ မိုးနှင့်ပတ်သက်သည်များကို စိတ်ထဲ ပေါ်လာသမျှ တယောက်တလှည့် ပြောဖြစ်ကြရင်း သူက သူ့စိတ်ကူး အတွေးတချို့ကို အခုလို ပုံဖေါ်ပေးခဲ့သည်။

မိုးရွာချိန် အတွေး

မိုးတွေက တဖွဲဖွဲရွာစပြုပြီ။
ရေကူးကန်ထဲကို ရေတွေ ဝင်နေတာ အဟောသိကံဖြစ်နေသလိုလို။

အနွေးထည်မပါတာမို့ အေးစပြုလာတာကို မသိသလို သိသလို။ လက်မောင်းတွေ အေးနေတာကို လက်ဖဝါးတွေနဲ့မထိမချင်း မသိမိ။ လက်ဖဝါးတွေက နွေးနေဆဲမို့ မသိလိုက် မသိဖာသာ။ လက်ဖဝါးတွေရဲ့ နွေးထွေးမှုနဲ့ လက်မောင်းတွေရဲ့ အေးစက်မှုတို့ အချင်းချင်း သတိပြုမိချိန်မှာ အခန်းထဲကို ပြန်ဝင်မှ ဖြစ်ပေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

မိုးရွာချိန် အလုပ်ချင်ဆုံး အလုပ်တစ်ခုရှိသည်။ ပက်လက်ကုလားထိုင်တစ်လုံးကို ဝရန်တာမှာချပြီး မိုးစက်တွေကိုကြည့်ရင်း ဆေးလိပ်သောက်ချင်နေသည်။ ခံတွင်းက စပ်ဖြင်းဖြင်းဖြစ်လာပြီဆိုတော့ သေချာသည်… ဆေးလိပ်တလိပ်သောက်မှ ဖြစ်ပေတော့မည်။

ဆေးလိပ်… အင်း ဆေးလိပ်မသောက်ဖို့ လူတိုင်းက ပြောကြသည်။ မကောင်းဘူးတဲ့… လေ။ သို့သော် မည်းနေပြီဖြစ်သော ဒီနှုတ်ခမ်းတွေရယ် လက်ညိုးနဲ့လက်ခလည်ကြားက အသားမာဘုလေးတွေရယ်က စိမ်းကားဖို့ ဆိုတဲ့ အရေးကို ဘယ်လိုမှ လက်မခံနိုင်ကြ။

ရှစ်တန်းလောက်က စ သောက်ခဲ့သည် ထင်ပါသည်။ ဆောင်းမနက်ခင်း သူငယ်ချင်းတွေနှင့် ကျောင်းသွားခြင်းက အစပြုခဲ့သည်။ ပုဆိုးတွေခြုံထားရင်းကမှ နွေးထွေးတဲ့ နောက်ထပ် အရသာတစ်ခုကို သင်ကြားတတ်မြောက်ခဲ့ခြင်း။ တယောက် တလက်သောက်ခြင်းဖြင့် သူငယ်ချင်းတွေကြား ချစ်ခင်မှုတွေ ခိုင်မာစေမည်လို့ ယူဆတာလည်း တကြောင်း။ အခုပြန်တွေးကြည့်တော့ ဘယ်လောက် ရူးသွပ်ခဲ့လဲလို့လေ။ ဖြစ်နိုင်တာ တခုက အခုခေတ်လို ရောဂါပိုးမွှားတွေ သိပ်မထွန်းကားတာကြောင့်များလားလို့လဲ ခပ်ကြောင်ကြောင် တွေးမိသေး။ သက်ရှိနှုတ်ခမ်းတစ်စုံကို တယောက်တည်း ပိုင်ဆိုင်လိုသူရဲ့ အတ္တက သက်မဲ့ဆေးလိပ်တခုကို သူငယ်ချင်းတွေနဲ့ တယောက်တလှည့် သောက်ခဲ့ဖူးတာကို မေ့လျော့နေခဲ့မိတာပါလား။ ဟာ.. နားကွာ..

နှစ်ပေါင်း ဆယ်စုနှစ်တခု မကွဲမကွာ ရင်းနှီးခဲ့တဲ့ အရာကို စွန့်လွှတ်ဖို့ ပြောလျှင် အမြဲတမ်း ရယ်မောချင်စိတ် ဖြစ်လာစမြဲ။ အဲ့ဒီဆယ်စုနှစ်အတွင်းမှာ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားသော်ငြား ဆေးလိပ်နဲ့တော့ တရက်မှ အဆက်အသွယ်မပြတ်ခဲ့။ ဆေးပေါ့လိပ် အရသာ… ဆေးပြင်းလိပ် အရသာ… ငါးသုံးလုံး၊ လန်ဒန်ကနေ အခုခေတ် ရူဘီအထိ သူ့ဖက်က သစ္စာမဖောက်ခဲ့။ ရွှေပတ်မှ ရွှေပတ် စွဲစွဲလမ်းလမ်း သောက်ခဲ့ဖူးတာလဲ ရှိရဲ့။ ဖင်ဆီခံနားမှာ ပလတ်စတစ်ကိုမခွာပဲ သောက်ပြန်တော့ ဒါ ရူးသွပ်ခြင်းတမျိုးလို့ ဆိုကြပြန်သည်။ ဆေးလိပ်ခေါင်းကို တတောက်တောက်ခေါက်ပြီး ဖင်ဆီခံကို လက်သည်းနဲ့ခြစ်ပြီးမှ သောက်တာလည်း ရှိပြန်သေးသည်။

ဆေးလိပ်သောက်ရင် အမောမခံနိုင်ဘူးဟုလည်း ဆိုကြသေးသည်… သိပ်မောနေရင် ဆေးလိပ်သောက်လိုက်မှ အမောပြေသလို ခံစားရတာ စိတ္တဇတခု ဖြစ်နိုင်သည်။

ဆေးလိပ်မသောက်ရသောအချိန်မှာ အရှေ့က ဆေးလိပ်သောက်ပြနေသောသူလောက် မုန်းဖို့ကောင်းတာမရှိ။ နှုတ်ခမ်းများ၏ တပ်မက်မှုက စိတ်ထဲကလောက် ဘယ်လိုမှ မပြင်းပြနိုင်တာ ခံစားရမှ သိပါလိမ့်မည်။ စိတ်ထဲက အာသာရမ္မက်သည် တကယ်တော့ ကြောက်မက်ဖို့ကောင်းပါသည်။

ချစ်ခင်ရင်းနှီးမှုကို အခြေပြုထားသော ထိုရမ္မက်က ဆယ်စုနှစ်တခုစာ မကတော့သော လောင်ကျွမ်းမှုများဖြင့် သက်သေပြနေပါသည်။ ဆေးလိပ်မီးပေါက်နေသော လုံချည်များစွာတို့ တန်းတွင်ရှိနေခြင်းက အဓိက တရားခံကို ညွှန်းဆိုကြသည်။ သို့သော် တရားခံနှင့် ခွဲခွာခြင်းဆိုသော အမှုကိစ္စကို ဘယ်သောအခါမျှ မရောက်ရှိ။

ဆေးလိပ်များပြတ်လပ်သွားသည် ဟု ဈေးကွက်ထဲတွင် မကြားမိသေး။ အကယ်၍ ဆေးလိပ်များ ပြတ်လပ်သွားခြင်းကို သူတို့ဖက်မှ သစ္စာဖောက်မှုဟု ခေါင်းစဉ်တပ်မိကောင်း တပ်မိမည်။ သို့သော် ခေါင်းစဉ်ချရေးဖို့ပင် အခွင့်အရေးမရခဲ့။

လက်ကိုခါလိုက်တော့မှ နီးစပ်ရာဆွဲပြီး သောက်မယ်လို့ မီးညှိထားတဲ့ စီးကရက်ပြာ အတောင့်လိုက် ပြုတ်ကျသွားသည်။

လေက အပင့်မှာ ပြာတို့လွင့်နေကြသည်။
ထို့အတူ ညှိထားသောမီးက ဖင်ဆီခံနားအထိ တရဲရဲ ဝင့်ကြွားနေဆဲ…
မိုးက အေးအေး ဆေးလိပ်မီးငွေ့ဖြင့် နွေးနေသည် ဟု နှစ်သိမ့်လိုက်သည်။ ထိုနေ့က ဆေးလိပ်မသောက်မိပဲ ဆေးလိပ်ငွေ့တွေပဲ ရှူလိုက်ရသည်ဟု ထင်သည်။

ပြီးတော့ မိုးတိတ်သွားပြန်သည်။
အင်း… နောက်တခေါက် မိုးရွာတာကို စောင့်ဦးမှပါလေ……….


17 comments:

  1. အစ်မရေ...တိုက်တိုက်ဆိုင်ဆိုင် ခုပဲ ဆေးလိပ်သောက်ပြီး
    စာတွေဖတ်နေတာ...။

    ReplyDelete
  2. မိုးအေးအေး ဆေးလိပ်နဲ့ တွေးနေတဲ့ အကြောင်းက...နောက်တလိပ် သောက်ဖို့ပါလား...
    ကိုကြီးကျောက်ဆိုရင်တော့ သိပ္ပံမောင်ဝရဲ့ စည်းစိမ် ထဲက မောင်လူအေးလို တွေးမိမလားမသိဘူး..
    ခု ..ဒီမှာတော့ မိုးအေးအေး ချမ်းလို့ အိမ်ထဲမှာပဲ ကွေးနေတယ်...

    ReplyDelete
  3. မိုးအေးအေးကို ခံစားရလိုက်တယ်...
    မိုးကို ချစ်တယ်၊ မိုးရွာရင် ပျော်တယ်။
    အိမ်မှာ အားနေတဲ့အချိန်ဆိုရင်တော့ အကောင်းဆုံးပေါ့
    ရုံးမှာ အလုပ်လုပ်ရင်း မိုးရွာနေသံကြားရတာကိုပဲ သိပ်ကို သဘောကျနေတော့တာ...

    ဒါပေမယ့် ဆေးလိပ်မသောက်ကြပါနဲ့ဗျာ...

    ReplyDelete
  4. ဂျင်းက ဆေးလိပ်သောက်တတ်တဲ့သူတစ်ယောက် မဟုတ်ပေမယ့် မိုးရွာချိန်ကို ချစ်တတ်တဲ့သူတစ်ယောက်မို့လို့ မိုးရွာချိန်အတွေးလေးကို လာခံစားသွားပါတယ် မမ...

    ReplyDelete
  5. မိုးအေးအေးမှာ အိပ်ရာထဲ စာတအုပ်ဖတ်ပြီး နှပ်နေချင်တယ်။ ဘလက်ကော်ဖီလေး တခွက်ပါပါရင် ပြည့်စုံသွားပြီ။

    အဖေ ဆေးလိပ်သောက်တုန်းက အမရေးသလိုပဲ ဖင်စီခံ လက်သည်းနဲ့ခြစ် ဒေါက်ဒေါက်ဆိုပြီး ခုံမှာဆောင့် ပြီးမှ မီးညှိပြီး သောက်တာ ... ။ ဒီစာကို ဆေးလိပ်သောက်တတ်သူတွေ ဖတ်ရင်တော့ ခံတွင်းချဉ်ပြီး ဆေးလိပ်မီး ပြေးညှိမလား မသိဘူးနော်။

    ReplyDelete
  6. ချစ်စရာ ကောင်းသော အက်ဆေးလေးပဲ...
    ဒါနဲ့ စကားမစပ် သက်ဝေရဲ့ မိုးရွာချိန်အတွေးလေးလဲ သိပါရစေ...
    နောက်တပုဒ်မှာ ရေးပေးပါ...

    ReplyDelete
  7. အဟွတ် အဟွတ်လို့ အော်တော့မလို့ :D
    ညီမကတော့ မိုးရွာတာကိုကြိုက်တယ်.. ဗွက်စင်မှာကိုကြောက်တယ် ..

    ReplyDelete
  8. ဖြတ်ဖို့ခက်တဲ့အထဲ ဆေးလိပ်က အခက်ဆုံး။

    ReplyDelete
  9. အက်ဆေးလေး လှတယ် အမ၊
    ဒါပေမယ့် အငွေ့တွေနဲ့၊
    မိုးရွာတာကို ကြိုက်တယ်၊
    မိုးစိုတာလည်း ကြိုက်တယ်၊
    မစို့တစိုတော့ ကြိုက်ဘူး၊

    အပေါ်က တောင်းဆိုသလို မသက်ဝေရဲ့ အတွေးလေးလည်း ဖတ်ချင်ပါတယ်။

    ReplyDelete
  10. မောင်လေး၊ ကိုကြီးကျောက်၊ TOI ၊ ကိုအောင်၊ ညီမ ဂျင်းလေး၊ မေ၊ ဖြူ၊ ရွှန်းမီ နဲ့ အပြုံးပန်း... မှတ်ချက်တွေအတွက် ကျေးဇူးပါ...

    ဖြူနဲ့ အပြုံးပန်းပြောသွားသလို ကိုယ့်ရဲ့မိုးရွာချိန်အတွေးလေးလဲ ရေးကြည့်ပါအုံးမယ်...
    အခုလို အကြံပေးသွားတာ ကျေးဇူးတင်ပါတယ်...း))

    ReplyDelete
  11. မိုးကို မုန်းတယ်....
    အမ် မKOM ကို စောင်းပြောတာမဟုတ်...... :P
    အလကား နောက်တာပါ။...
    မိုးရွာထဲမှာ လမ်းလျှောက်ရတာ အရမ်းကြိုက်တယ်။
    ရွံ့တွေ၊ဗွက်တွေတော့ မုန်းတယ်။
    အဲ.... ဆေးလိပ်တော့ တခြားလူတွေ သောက်တာတောင် အနံ့ မခံနိုင်..... မူး၏။

    ReplyDelete
  12. တကယ်ကို အေးအေးစိမ့်စိမ့်နဲ့ တဖြောက်ဖြောက်ကျနေ တဲ့ အက်ဆေးလေးပါပဲ၊

    ပုဂံမြို့ဟောင်းက သူငယ်ချင်းတစ်ယောက် မြင်းကပါ က လူတွေကို နောက်,နေကျ စကားတစ်ခွန်း နားထဲမှာ မဆီမဆိုင် ကြားလိုက်မိသေးတယ်၊ “မိုးက တိတ်မတဲ ပါဘူး၊ တွပ်တံကြောင့်ပါ” ဆိုတာလေ...၊ :D

    ကျနော်ကတော့ ကော်ဖီခါးခါးတစ်ခွက် တောင့်တမိမယ် ထင်ပါရဲ့...။

    ReplyDelete
  13. ညီမ မေဓာဝီလိုပါပဲ။ မိုးရွာချိန်မှာ စာအုပ်တအုပ်နဲ့ စောင်ခြုံပြီး ကွေးချင်တာ။ ကော်ဖီပူပူလေးတခွက် အိပ်ယာဘေးမှာ ထားမယ်။
    ဆေးလိပ်နံ့ရရင်တော့ အဖေကြီးကိုပဲ သတိရမိတော့တယ်။

    ReplyDelete
  14. မိုးရွာချိန် အိမ်ထဲ အခန်းထဲမှာပဲ ရှိနေတတ်တာများတယ်။ ဒီမနက်တော့ ဘတ်စ်ကားစီးရင်းနဲ့ မိုးတွေ အပြင်မှာ ရွာနေတာ တွေးတွေးငေးငေးနဲ့ ဘာလွမ်းရမှန်းမသိ၊ အရမ်းလွမ်းသွားတယ်။

    ဆေးလိပ်တော့ မသောက်တတ်လို့ မသိဘူးဗျာ။
    တကယ်မသောက်တတ်ပဲ ရေးတတ်တာတော့ အံ့သြသွားတယ်။

    ReplyDelete
  15. ဆေးလိပ်မသောက်တော့ ဆေးလိပ်ရဲ့ဖီလင်ကို သိပ်နားမလည်ဘူးမမ ဒါပေမယ့် မိုးအေးအေးနဲ့ ကဗျာချိုချိုတစ်ပုဒ်စပ်ရဖို့တော့ ဆန္ဒပြင်းပျမိတယ်...မိုးကိုလဲ ချစ်လို့လေ...

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  16. ဆေးလိပ်ငွေ့တွေထဲမှာအလွမ်းတွေပါမှုတ်ထုပ်လိုက်ရသလိုတခါတခါ..

    ReplyDelete
  17. မိုးရွာချိန်မှာ မိုးသံနဲ့အတူ စာတစ်အုပ် ဖတ်ရတာကို ကြိုက်တယ်။
    ငယ်ငယ်က ခြံထဲမှာ အဖေရယ်၊ မောင်လေးရယ်နဲ့အတူ မိုးရေဆင်းချိုးဖူးတာ သတိရသွားတယ်။
    အစ်မသက်ဝေရဲ့ မိုးရွာချိန်အတွေးလေး ရေးပေးပါလို့ ဇွန်က ထပ်ဆင့်တောင်းဆိုသွားပါတယ်။း)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...