
ဒီရက်ပိုင်းအတွင်းမှာ ရုံးမှာ ၃ နှစ်ကျော် ၄ နှစ်နီးပါး အတူတူ အလုပ်လုပ်ခဲ့တဲ့၊ လိမ်မာပြီး အားကိုးရတဲ့ မောင်လေးတယောက် အလုပ်ထွက်ပါတယ်။ နောက် ကိုယ်နဲ့ အနီးကပ်ဆုံး၊ အချစ်ဆုံး ငယ်သူငယ်ချင်း က အမေ့အိမ်ကို အပြီးပြန်သွားပါတယ်။ ပြီးတော့ ဧပြီလထဲမှာ နိုင်ငံပြောင်းတော့မယ် သူငယ်ချင်း မဆွီတီ…။
မျက်နှာစာအုပ်မှာ မဆွီတီရေးခဲ့တဲ့ စာလေးအတိုင်းပါပဲ… အနီးအနားမှာ ရှိနေတုန်းကတော့ ဖုန်းတောင် တခါတရံမှ ပြောဖြစ်၊ အကြောင်းကိစ္စရှိမှ လူချင်းတွေ့ဖြစ်ကြပေမယ့် သူတို့တွေ ကိုယ်နဲ့ မလှမ်းမကမ်းမှာ ရှိနေကြတာပဲ၊ တွေ့ချင်ရင် အချိန်မရွေး တွေ့နိုင်တာပဲ ဆိုတဲ့ အသိနဲ့ စိတ်ချ လက်ချရှိပြီး နေပျော်ခဲ့တယ်။ အခုလို ခွဲကြရပြန်တော့ သူတို့ သူတို့တွေနဲ့ နောက် ဘယ်အချိန်ကျမှ ပြန်ဆုံနိုင်ပါ့မလဲဆိုတဲ့ အသိနဲ့ စိတ်မကောင်းဖြစ်ရပါတယ်…။ အဲဒီစိတ်အတွေးတွေကြောင့် မနေ့ညက အိပ်မက်တခုကို မက်ခဲ့ပြီး အိပ်ရာက နိုးလာချိန်မှာလဲ အိပ်မက်ကို ထင်ထင်ရှားရှား မှတ်မိနေခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် Life has to move on… မဟုတ်လား…။
ကောင်းသော ပြောင်းလဲခြင်း၊ ကောင်းသောခွဲခွာခြင်းနဲ့ ခရီးဆက်ကြတဲ့ သူတို့ သုံးယောက်ရဲ့ ရှေ့ခရီးမှာ အစစ အရာရာ အောင်မြင် အဆင်ပြေကြစေဖို့ ဒီပိုစ့်လေးနဲ့ နှုတ်ဆက် ဆုတောင်းလိုက်ပါတယ်…။
နှုတ်ဆက် အိပ်မက်
ကြယ်ရောင် လရောင်များ အလျဉ်းကင်းစင်ကာ ညက မှောင်မိုက်သွားပြီ…။ တနေ့တာ သွားလာ လှုပ်ရှားခဲ့သမျှ၊ တွေ့ကြုံခဲ့ရသမျှတွေကို ပြန်လည်တွေးတောနေရင်း တော်တော်နှင့် အိပ်မပျော်။ သို့သော် အချိန်က မနည်းတော့… ကြိုးစားပြီး အိပ်သင့်နေပြီ။
သည်လိုနှင့်… ကိုယ့်ကိုယ်ကိုယ် နိုးနေသည်လား၊ အိပ်ပျော်နေသည်လား မသေချာခင်မှာပင် အိပ်မက်တခုကို ပီပီသသကြီး မက်မြင်ခဲ့သည်။ ထူးထူးဆန်းဆန်း… အိပ်မက်ထဲတွင် ပန်းချီကားတချပ်ကို ကိုယ်တိုင် ကိုယ်ကျ ဖန်တီးနေခဲ့သည်။ သုံးချောင်းထောက် သစ်သားစင်ပေါ်မှာ ကင်းဗတ်စ ဖြူဖြူတခု၊ အနားက စားပွဲငယ်လေးပေါ်မှာ ရေဆေး ဆီဆေး ရောင်စုံ… စုတ်တံ အကြီး အသေး အရွယ်အစား အစုံအလင်…။
*****
အပြင်မှာ တခါမှ ပန်းချီမဆွဲဖူးသော်လည်း အိပ်မက်၏ အစမှာပင် စုတ်တံအပြားကြီးကြီးတချောင်းကို ဟန်ကျပန်ကျ ကိုင်တွယ်ကာ ပန်းချီကားချပ်တခုကို စိတ်ရော ကိုယ်ပါ နှစ်ကာ စတင်ဖန်တီးခဲ့တာ ဖြစ်သည်။ အမည်းရောင် ဆေးတွေကို စုတ်တံမှာ စွဲနစ်နေစေကာ ပထမဆုံး စုတ်ချက်ကို ကင်းဗတ်စပေါ်တွင် ထင်စေခဲ့သည်။ ထိုဆေးချက်များသည် ကျောခိုင်းနေသော လူပုံတွေဟု သိသာ ထင်ရှားစေသော ဒေါင်လိုက် ရှည်မျောမျော ပုံသဏ္ဍါန်များ ဖြစ်ကြသည်…။ ထိုနောက် စုတ်တံအသေးကိုယူပြီး ရှိနေပြီးသား ဆေးချက်တွေအပေါ် အသာအယာ တို့ကာ ထိကာ ပြင်ဆင်လိုက်သောအခါ စောစောက လူပုံတွေမှာ မိန်းမ ယောင်္ကျား ဟူသော ဆန့်ကျင်ဖက် အသွင်တွေ တမဟုတ်ချင်း ထင်ဟပ်လာတော့သည်။
ထို့နောက် အဖြူရောင်ဆေးများ ခပ်ဖွဖွ တို့ထိထားသော စုတ်တံကို သုံးကာ ပန်းချီကားကို အရောင်ညှိပေးခဲ့လေသည်။ ထိုအခါ အနက်ရောင်မှတဆင့် အနည်းငယ် အရောင်ဖျော့သွားသော မီးခိုးရောင် ဒေါင်လိုက်စင်းများ ကို တွေ့လာရသည်။ ကျောခိုင်းနေသော လူသုံးယောက် တွင် အမျိုးသမီးက နှစ်ယောက်၊ အမျိုးသားက တယောက်မှန်း ပေါ်လွင် သိသာ လာစေခဲ့သည်။ တချိန်တည်းမှာ ပီသလာသော စုတ်ချက်တွေကို ကြည့်ရင်း ကျေနပ် ကြည်နူးရမည့်အစား စိတ်ထဲတွင် ဝမ်းနည်းစိတ်မျိုးလည်း ဖြစ်ပေါ်နေခဲ့သေးသည်။
ထို့နောက် ခပ်သေးသေး စုတ်တံတခုကို ကိုင်ကာ မိုးစက် မိုးပေါက်များကို ခပ်ကျဲကျဲ ရွာသွန်းစေခဲ့ပြီး ထီးသုံးလက်ကို ပုံဖေါ်ရင်း သူတို့သုံးယောက်ကို သေသေသပ်သပ် အုပ်မိုးစေခဲ့ပြန်သည်။ ထီးအရွက်မှာ အဖြူရောင်သက်သက်သာ ဖြစ်စေခဲ့ပြီး ထီးရိုးတွေကိုတော့ အမည်းရောင်များဖြင့် ချယ်မှုန်းခဲ့သည်။ သိပ်မကြာသော အချိန်အတွင်းမှာ လူသုံးယောက် ထီးကိုယ်စီ ကိုင်ဆောင်းကာ မိုးမှုန် မိုးငွေ့တွေအကြား တရွေ့ရွေ့ ကျောခိုင်းထွက်ခွာ သွားနေကြသော ပန်းချီကား တချပ် အသက်ဝင်လာတော့သည်။
ပန်းချီကား တချပ်လုံးတွင် အမည်းရောင် မီးခိုးရောင်နှင့် အဖြူရောင် အရောင်ငြိမ် သုံးရောင်ဖြင့်သာ ပါဝင်ဖွဲ့စည်းထားသည်။ သိပ်အသေးမစိပ်လှသော စုတ်ချက်များဖြင့် ဖန်တီးထားသော်လည်း မြင်လိုက်ရသူတိုင်း ပီပီသသ ကြည့်မြင် ပုံဖေါ်နိုင်သော ပန်းချီကား တချပ်ဖြစ်သည်။
*****
အိပ်ရာမှ နိုးလာချိန်သည် ပြူတင်းပေါက်မှ မြင်ရသလောက် ကောင်းကင်တခုလုံး မှိုင်းမှောင်နေကာ မိုးတွေက တဖျောက်ဖျောက်နှင့် ရွာသွန်းနေချိန်ဖြစ်သည်။ ကော်ဖီပူပူတခွက်ကို အမြန်ဖန်တီးကာ မိုးစက်များကို ငေးကြည့်ရင်း ညက အိပ်မက်ကို ပြန်လည် ခေါ်ယူကာ အဓိပ္ပါယ်ဖေါ်ကြည့်မိသည်။
ကျောခိုင်းထွက်ခွာသွားသူ လူသုံးယောက်သည် မီးခိုးရောင် မှိန်ပြပြ အသွင်သဏ္ဍါန်ရှိကြသည့်အတွက် တကယ်တမ်း လူချင်း ဝေးသွားကြသော်လည်း စိတ်အတွေးတွေ မဝေးကြ၊ တယောက်ကို တယောက် ရုပ်ခြင်းသာ ခွဲခွာသွားကြခြင်း ဖြစ်ရမည်ဟု တွေးမိသည်။ ကျောခိုင်းသွားသူများ၏ ရုပ်သွင်တွေက မားမားမတ်မတ်ရှိလှသောကြောင့် သူတို့သုံးယောက်သည် ခိုင်မာသော ခရီးတခုကို ရွေးချယ်ကာ ဖြောင့်ဖြောင့်တန်းတန်း ခရီးနှင်ခြင်းသာ ဖြစ်မည်။ တဖွဲဖွဲကျနေသော မိုးစက်တွေက အေးချမ်းသော အသွင်ကို ဆောင်ပြီး ထီးကိုယ်စီ လက်ဝယ် ကိုင်မိုးထားသောကြောင့် သူတို့၏ ရှေ့ဆက် ခရီးတလျှောက်တွင် အမိုးအကာတို့ဖြင့် ပြည့်စုံ လုံခြုံနွေးထွေးစေမည်မှာလည်း သေချာနေပြန်သည်။ ဖြူလဲ့လဲ့ ကင်းဗတ်စပေါ်တွင် ရွေ့လျားနေကြသော ဒေါင်လိုက်စင်း စုတ်ချက်တွေကြောင့် သူတို့ သုံးယောက်၏ ရှေ့ဆက်ရာ ခရီးလမ်းတွေသည် ဖြူစင် ကြည်လင်ကာ ချောမွေ့နေမည်ဟုလည်း ကိုယ်တိုင် ယုံကြည်နေမိပြန်သည်။
လူတိုင်း လူတိုင်း တနေ့မဟုတ် တနေ့မှာ ခွဲခွာခြင်းတွေကို နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ကြုံကြရမည် မလွဲ။ ယခုကဲ့သို့ ကောင်းမွန်သော ခွဲခွာခြင်းမျိုးကို ဝမ်းနည်းမနေပဲ ကြည်လင်စွာ လက်ခံကြိုဆိုရမည်ပေါ့…။ ထိုအတွေးတွေဖြင့် ကိုယ့်အိပ်မက်ကို ကိုယ်တိုင် သဘောကျ ကျေနပ်သွားသည်။
သောက်လက်စ ကော်ဖီခွက်ထဲမှ ကော်ဖီနွေးနွေးကို ဆက်တိုက် မော့ချလိုက်ရင်း မနေ့ညက ဝမ်းနည်းနေသော စိတ်တွေ လျှော့ပါးသွားပြီး ကြည်လင်သော စိတ်အစဉ်ဖြင့်…။ ခဏနေရင် ရေမိုးချိုးပြီး အလုပ်သွားဖို့ ပြင်ဆင်တော့မည်။ မီးခိုးရောင် မှိုင်းမှိုင်း ကောင်းကင်ပေါ်မှ မိုးစက်များကတော့ တဖျောက်ဖျောက်နှင့် အဆက်မပြတ် ရွာသွန်းနေဆဲ… သို့သော် ကောင်းသော နေ့သစ်တခုကတော့ ပီပီသသကြီး အစပြုခဲ့ချေပြီ်။
မှတ်ချက် - ကိုယ့်အိပ်မက်ထဲက ပန်းချီကားလေးကို အနီးစပ်ဆုံး ပုံဖေါ်ပေးခဲ့တဲ့ ညီမ ပန်ပန့်ကို အထူး ကျေးဇူးတင်ပါတယ်။