Wednesday, August 31, 2011

2011 Blog Day အမှတ်တရ

သြဂုတ်လ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ဘလော့ဂ်ဒေးဟာ အခုဆိုရင် ၆ နှစ်မြောက်ခဲ့ပါပြီ…။ ဘလော့ဂ်ဒေးအတွက် ဘလော့ဂ်နဲ့ ပတ်သက်တဲ့ အမှတ်တရ အကြောင်းတွေ၊ အတွေ့အကြုံနဲ့ ခံစားရတာတွေကို ရေးပေးပါလို့ ကိုအောင် (ပျူနိုင်ငံ) က ပြောလို့ ဒီပိုစ့်ကို ရေးပါတယ်…။

တနေ့ပြီး တနေ့ အသက်တွေက ပိုကြီးလာတာ အခုဆိုရင် လူ့ဘဝသက်တမ်းရဲ့ တဝက်ကို ကျော်လွန်ခဲ့ပြီ။ အသက်တွေ ကြီးလာတာနဲ့အမျှ တာဝန်တွေ ဝတ္တရားတွေ ပိုများလာတယ်။ တာဝန်တွေ ပိုများလာတာနဲ့ အမျှ ကိုယ်ပိုင်အချိန်တွေ နည်းလာတယ်။ အဲဒီလို ကိုယ်ပိုင်အချိန်တွေ နည်းလာတာနဲ့အမျှ လူက စိတ်ဖိစီးမှုတွေ များလာတယ်။ အလိုမကျတာတွေ များလာတယ်။ စိတ်ရော လူရော ပင်ပန်းလာတယ်။ မကြည်လင်ဘူး မလန်းဆန်းဘူး။ အလိုလိုနေရင်း ဒေါသတွေ ကြီးလာတယ်။ မလိုအပ်ပဲနဲ့ စိတ်တွေ မာကျော ခက်ထန်လာတယ်။ အရာရာကို အဆိုးဖက်က မြင်တတ်လာတယ်…။ အေးအေးချမ်းချမ်း သက်တောင့်သက်သာဖြစ်ဖို့ ဘယ်လိုမှ တွေးလို့မရတော့ဘူး။ ဘယ်အရာကမှ ကိုယ့်စိတ်ကို သက်သာရာ မရစေခဲ့ဘူး။ တနေ့လုံးနေလို့ သီချင်းတစ မဆိုမိ မညည်းမိခဲ့ဘူး။ စာ ကဗျာ တကြောင်းတလေနဲ့ မပျော်မွေ့ဖြစ်ခဲ့ဘူး။

တနေ့တာ အချိန် ၂၄ နာရီမှာ အိပ်ချိန် ၈ နာရီ နှုတ်လိုက်ပြီး ကျန်တဲ့ ၁၆ နာရီ၊ အဲဒီအထဲကမှ အလုပ်ချိန် ဆယ်နာရီကို နှုတ်လိုက်ရင် ကျန်တဲ့ အချိန် ၆ နာရီမှာ ကိုယ့်အတွက် (သို့) ကိုယ့်စိတ်ကလေး သက်တောင့်သက်သာ ဖြစ်သွားစေဖို့အတွက် ဘာများ လုပ်မိပါလိမ့်၊ ကိုယ့်ဆန္ဒလေး (သို့) ကိုယ့်ဝါသနာလေး တခုခုအတွက် အချိန်ဘယ်လောက်များ ပေးမိပါလိမ့်လို့ တွေးမိလိုက်တဲ့ တနေ့မှာ ဒီဘလော့ဂ်လေးကို ဖန်တီးဖြစ်ခဲ့ပါတယ်။

အခုဆိုရင် ဒီဘလော့ဂ်လေးရဲ့ သက်တမ်းက လေးနှစ်နီးပါး ရှိခဲ့ပြီမို့ အမှတ်ရစရာတွေ အတွေ့အကြုံတွေ ခံစားရတာတွေကလည်း လေးနှစ်စာပါပဲ…။ အဲဒီလို အမှတ်ရစရာတွေကို ဘလော့ဂ်မှတ်တမ်း ဆိုပြီး အပိုင်း နှစ်ပိုင်းခွဲပြီး ရေးထားခဲ့ဖူးပါတယ်။

အခုလည်း ဘလော့ဂ်ဒေး အမှတ်တရအနေနဲ့ ပြန်ပြောပြရရင် အကြောင်းအမျိုးမျိုး ခံစားချက် အစုံစုံနဲ့ ကိုယ်တိုင် တွေ့မြင်ခံစားရတာတွေရော၊ သူများဆီက အငှားခံစားထားတာတွေရော… အားလုံးကို ရောနှော ပေါင်းစပ်လို့ ရေးဖြစ်ခဲ့တဲ့ ပိုစ့်တွေ၊ ကိုယ်ရေးကိုယ်တာ ပိုစ့်တွေ၊ စာလာဖတ်သူတွေနဲ့ ပိုစ့်တွေတိုင်းမှာ ရလာတဲ့ စာရေးဖေါ်တွေ၊ စာဖတ်သူတွေရဲ့ မှတ်ချက်တွေ၊ စီဘောက်စ်က နှုတ်ဆက် စကားသံတွေဟာ တကယ့်ကို အမှတ်တရပါပဲ။

တယောက်နဲ့ တယောက် နေရာဒေသချင်း ဝေးကွာခြားနားပြီး တကြိမ်တခါမှ မတွေ့ဖူး မမြင်ဖူးကြသော်လည်း စာရေးသူ စာဖတ်သူ ဆိုတဲ့ သံယောဇဉ်တွေကိုယ်စီနဲ့ အချင်းချင်း ပျောက်နေတာကြာရင် သတိတရနဲ့ လာရှာ လာမေး လာနှုတ်ဆက်ရင်း စိတ်ပူစကား ဆိုတတ်ကြတာတွေ၊ နေမကောင်းဘူးလို့ ပြောလိုက်ရင် လာအားပေးကြ၊ စားချင်တာလေး ချက်ကျွေးကြတာတွေ၊ အလုပ်တွေများနေတယ် ဆိုရင် ကိုယ်ချင်းစာတဲ့ စိတ်ကလေးတွေနဲ့ ညှာတာကြတာတွေ၊ မွေးနေ့တို့ နှစ်ပတ်လည်နေ့တို့ အစရှိတဲ့ အထူးတလည် နေ့ရက်လေးတွေမှာ တယောက်ကို တယောက် မမေ့မလျော့ ဆုတောင်းစကား ပြောတတ်ကြတာတွေ… အဲဒါတွေဟာ ဘလော့ဂ်ရပ်ဝန်းရဲ့ ချစ်စဖွယ် အမူအကျင့်လေးတွေ၊ အမှတ်ရစရာ အကြောင်းလေးတွေပါပဲ။

ဒီလိုနဲ့ တရက်ပြီး တရက် တလပြီး တလမှာ စာရေးဖေါ် မိတ်ဆွေ သူငယ်ချင်းတွေ အများကြီး ရလာခဲ့ပါတယ်။ စာ စရေးခါစက ကိုယ် တိတ်တိတ်လေး သဘောကျ နှစ်သက် လေးစား အားကျ နေခဲ့ရတဲ့သူတွေနဲ့ တဖြည်းဖြည်း အသိမိတ်ဆွေတွေ ဖြစ်ခွင့်ရခဲ့တာကလည်း အမှတ်တရပါပဲ။ တချို့ တချို့သော စာရေးသိပ်ကောင်းတဲ့ ဘလော့ဂါတွေ စာဆက်မရေးကြတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အခုတလောမှာ သူတို့တွေကို သတိတရရှိနေပြီး စာတွေ ဆက်ရေးစေချင်မိတယ်။ ဒီပိုစ့်ကို ဖတ်မိကြရင် စာပြန်ရေးဖြစ်ကြပြီး ဒီဘလော့ဂ်စာမျက်နှာတွေပေါ်ကို ပြန်လာခဲ့ကြပါလို့ ပြောချင်ပါတယ်။

ဒီဘလော့ဂ်နဲ့ ပတ်သက်ပြီး ရင်းနှီးခင်မင်ခွင့်ရတဲ့သူတွေထဲမှာ ကိုယ့်အတွက် ဘယ်တော့မှ မမေ့နိုင်မယ့် ချို ချဉ် စပ် ခါး ရသစုံ နဲ့အတူ လောကကြီးမှာ ကိုယ်မသိဖူး မကြုံဖူးသေးတဲ့ တချို့တချို့သော အကြောင်းအရာတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့… ကိုယ့်စာတွေကို ဖတ်ပြီး အကောင်းအဆိုးကို အားမနာတမ်း ဝေဖန်ပေးခဲ့တဲ့ ချစ်မိတ်ဆွေတယောက်ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်စကားဆိုရင်း မှတ်တမ်းတင်ထားချင်ပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ စိတ်ကောက်လိုက် ပြန်ချော့လိုက်… ထူးခြားပြီး ဆန်းကြယ်တဲ့ ရင်းနှီး ခင်မင်မှုတွေနဲ့အတူ ချစ်ခင်နားလည်မှုတွေအတွက် နီးနီး ဝေးဝေး အမြဲတမ်း အမှတ်ရနေမှာပါ။

သေချာတာတခုကတော့ လူတိုင်းမှာ ဝါသနာ ဆိုတာ ရှိကြတာချည်းပါပဲ။ ကိုယ် ဘာကို ဝါသနာပါတယ် ဆိုတာ ကိုယ်တိုင်က မမြင်တတ်သေးတာ၊ တချို့ကျတော့ ကိုယ် ဘာကို ဝါသနာပါတယ်ဆိုတာ သိလာ မြင်လာပေမယ့်လည်း အကောင်အထည် မဖေါ်ဖြစ်သေးတာ၊ အကောင်အထည်ဖေါ်ဖို့ အချိန်မပေးနိုင်သေးတာ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ ကိုယ့်ဟာကိုယ် ဘာဝါသနာပါလို့ ပါမှန်း မသိသေးတဲ့ သူတချို့ကိုလည်း တွေ့ဖူးပါတယ်။ အဲဒီလိုလူတွေအတွက်တော့ ကိုယ့်ကိုကိုယ် အချိန်လေး နည်းနည်းပေးပြီး ပြန်ဆန်းစစ်ကြည့်ပါအုံး… တခုမဟုတ် တခုတော့ တွေ့လာမှာပါ… လို့ ပြောခဲ့ပါတယ်။

လူ့ဘဝ အချိန်တိုတိုလေးမှာ ကိုယ် ဘာကို ဝါသနာပါတယ်၊ ဘာကို စိတ်ဝင်စားတယ်၊ ဘာလုပ်ချင်တယ် ဆိုတာလေး သိလာတဲ့တနေ့မှာ၊ ကိုယ် ဝါသနာပါတာလေးကို လုပ်ခွင့်ရလာတဲ့တနေ့မှာ နေ့ရက်တွေတိုင်း၊ အချိန်နာရီတွေတိုင်းဟာ အလိုလိုနေရင်း အဓိပ္ပါယ်တွေ ပြည့်ဝပြီး ပျော်ရွှင်ကျေနပ်စရာကောင်းစွာနဲ့ တန်ဖိုးရှိလာပါလိမ့်မယ်။ အစလေး စ ဖြစ်ဖို့ပဲ လိုအပ်ပါတယ်။ အခုလို စာရေး စာဖတ် ဝါသနာပါတဲ့ ဝါသနာရော စေတနာပါ တူညီကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်းနှီးခဲ့ရတဲ့ ဒီစာမျက်နှာလေးဟာ ကျွန်မဘဝအတွက်တော့ ရာခိုင်နှုန်း တော်တော်များများ အရေးပါတဲ့ နေရာတခုပါပဲ။

ဒါကြောင့် စာရေးသူ စာဖတ်သူတွေအားလုံး နောင်နှစ်ပေါင်းများစွာအထိ အတူတူ စာရေး စာဖတ်ကြရင်း ဘလော့ဂ်ဒေးပေါင်း များစွာကို အတူတူ ဖြတ်ကျော်နိုင်ကြဖို့ အမှတ်တရအနေနဲ့ ဆန္ဒပြု ဆုတောင်းချင်ပါတယ်။

ဘလော့ဂ်ဒေးကိုရောက်တိုင်း ဘလော့ဂ်အဟောင်းတွေက ဘလော့ဂ် အသစ်တွေကို ကြိုဆိုတဲ့အနေနဲ့ ဘလော့ဂ်အသစ် ၅ ခုနဲ့ မိတ်ဆက်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အစဉ်အလာမပျက်ရလေအောင် မကြာသေးမီကမှ ကိုယ်ရှာဖွေတွေ့ရှိထားတဲ့၊ ကိုယ်တိုင်လည်း နှစ်သက်တဲ့ ဘလော့ဂ် ၅ ခုနဲ့ မိတ်ဆက်လိုက်ပါတယ်…။

၁) http://nyolaynay.blogspot.com/
သူကတော့ ညိုလေးနေ တဲ့… သူက အာရုံရမှ စာရေးပြီး အာရုံရမှ ပုံဆွဲတဲ့သူတယောက်ပါ။ ရှေ့ဆက်ပြီး စာတွေ အများကြီး ရေးဖြစ်၊ ပုံတွေ အများကြီး ဆွဲဖြစ်ဖို့ အာရုံတွေ များများ ရနိုင်ပါစေလို့ ဆုတောင်းချင်ပါတယ်။ (ဂဏန်းဟင်းချက်တဲ့အခါမှာလည်း အမတွေကို အာရုံရနိုင်ပါစေ... :D)

၂) http://evy-foodlover.blogspot.com/
အခုလောလောဆယ်မှာ Cheese Cake တခုလုပ်ဖို့ အရမ်းစိတ်ဝင်စားနေတာမို့ ဒီနေရာကို နေ့တိုင်းလိုလို ရောက်ဖြစ်နေပါတယ်။ စနစ်ကျပြီး လှပသေသပ်တဲ့ စားချင်စရာ ကိတ်မုန့်တွေနဲ့အတူ ကိတ်မုန့်လုပ်နည်း အဆင့်ဆင့်ကို မျှဝေထားပါတယ်။

၃) http://madankoo.blogspot.com/
သူကတော့ သူ့ကိုယ်သူ မဒိုးကန်လို့ နှုတ်ဆက်တတ်ပြီး ဒုက္ခ အထူကြီးနဲ့ ရူးနေခဲ့ဖူးတယ် လို့ ဆိုလာတဲ့ မဒမ်ကိုးပါ။ သူကိုယ်တိုင်ရယ် သူ့ရဲ့ ကိုရင်သာပျော့ရယ် အတူတူ ပူးပေါင်း ရေးသားကြတဲ့ ဘလော့ဂ်စာမျက်နှာတခု ဖြစ်ပါတယ်။ ကဗျာ၊ ဟာသ၊ ဘာသာပြန်တွေနဲ့ အတူ သူ့လက်သံ လက်စွမ်းပြ တွေအပြင် မခင်ငြိမ်း… မငြိမ်းနိုင်သေးပါ ဆိုတဲ့ လူနေမှုဘဝ သရုပ်ဖေါ် ခပ်ပါးပါး ဝတ္ထုတိုမျိုးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။

၎) http://moepanchi.blogspot.com/
သူကတော့ အားလုံးသိပြီးဖြစ်တဲ့ ညီမ မိုးပန်းချီပါ။ လောလောလတ်လတ်မှာပဲ အွန်လိုင်း ရွှေဝတ္ထုတို ဆုရထားတဲ့သူပါ။ စိတ်ကူးကောင်းကောင်းနဲ့ စာလှလှတွေ ရေးတတ်သလို သူ့ရဲ့ ဓါတ်ပုံလက်စွမ်းတွေကိုလည်း တွေ့နိုင်ပါသေးတယ်။

၅) http://hninnulwin.com
ညီမ နှင်းနုလွင်ရဲ့ စာမျက်နှာတွေမှာတော့ ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ ကျန်းမာရေး ဗဟုသုတတွေအပြင် ကဗျာတွေနဲ့ ဘဝသရုပ်ဖေါ် ဝတ္ထုတိုကောင်းကောင်းလေးတွေကို တွေ့မြင် ဖတ်ရှုနိုင်ကြပါတယ်။

စာချစ်သူ အားလုံးအတွက် ပျော်ရွှင်စရာကောင်းသော ဘလော့ဂ်ဒေး ဖြစ်ပါစေ။




21 comments:

  1. အကြောင်းအမျိုးမျိုးကြောင့်ဘလော့ဆက်မရေးဖြစ်တဲ့သူတွေလည်းအဆင်ပြေတဲ့အခါဆက်ရေးကြပါလို့ ၀ိုင်းပြီးတိုက်တွန်းသွားပါတယ်ခင်ဗျား)

    ReplyDelete
  2. ချစ်ခင်တဲ့ ဒီမောင်နှမတွေနဲ့အတူ ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေ မမသက်ဝေ...။ အကြွေးကျန်သေးတယ် လာဆပ်မယ်နော် ခဏလေးစောင့်...။

    ReplyDelete
  3. Happy blog day ပါ တီတီသက်ဝေ :D :D

    တနေ့ပြီး တနေ့ အသက်တွေက ပိုကြီးလာတာ အခုဆိုရင် လူ့ဘဝသက်တမ်းရဲ့ တဝက်ကို ကျော်လွန်ခဲ့ပြီ။ အသက်တွေ ကြီးလာတာနဲ့အမျှ တာဝန်တွေ ဝတ္တရားတွေ ပိုများလာတယ်။ တာဝန်တွေ ပိုများလာတာနဲ့ အမျှ ကိုယ်ပိုင်အချိန်တွေ နည်းလာတယ်။ အဲဒီလို ကိုယ်ပိုင်အချိန်တွေ နည်းလာတာနဲ့အမျှ လူက စိတ်ဖိစီးမှုတွေ များလာတယ်။ အလိုမကျတာတွေ များလာတယ်။ စိတ်ရော လူရော ပင်ပန်းလာတယ်။ မကြည်လင်ဘူး မလန်းဆန်းဘူး။ အလိုလိုနေရင်း ဒေါသတွေ ကြီးလာတယ်။ မလိုအပ်ပဲနဲ့ စိတ်တွေ မာကျော ခက်ထန်လာတယ်။ အရာရာကို အဆိုးဖက်က မြင်တတ်လာတယ်…။ အေးအေးချမ်းချမ်း သက်တောင့်သက်သာဖြစ်ဖို့ ဘယ်လိုမှ တွေးလို့မရတော့ဘူး။ ဘယ်အရာကမှ ကိုယ့်စိတ်ကို သက်သာရာ မရစေခဲ့ဘူး။ တနေ့လုံးနေလို့ သီချင်းတစ မဆိုမိ မညည်းမိခဲ့ဘူး။ စာ ကဗျာ တကြောင်းတလေနဲ့ မပျော်မွေ့ဖြစ်ခဲ့ဘူး။

    သက်တမ်းတစ်ဝက်ရောက်ခါနီးမို့လားမသိဘူး အဲဒါတွေတော်တော်များများတူတယ် :D

    ReplyDelete
  4. မြသွေးက အစ်မသက်ဝေရဲ့ အက်ဆေးလေးတွေ နှစ်သက် သဘောကျခဲ့ရသူပါ..။ စာတွေ အရှိန်အဟုန်မပျက် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အများကြီး ရေးနိုင်ပါစေလို့ Blog Day မှာ ဆုမွန်ချွေခဲ့ပါရစေအစ်မရေ..။

    ReplyDelete
  5. စာရေးကာစမှာ ဘလော်ဂါတစ်ဦးက ပြောတယ်
    မသက်ဝေက စာရေးသိပ်ကောင်းတာတဲ့
    ဒါနဲ့ အစမ်ဘလောဂ့်လေးဆီရောက်လာပြီး စာတွေ ရှာဖတ်ဖြစ်တယ် တကယ်လဲ သူပြောတာ မလွန်ပါဘူး
    အစ်မရဲ့စာတွေဖတ်ရတာ ငြိမ့်ငြိမ့်ညောင်းညောင်းရှိတယ်။
    ပြီးတော့ စကားလုံးလေးတွေ သေသေချာချာ ရွေးချယ်သုံးစွဲပြီး ဝေါဟာရ ကြွယ်ဝတာကိုလည်း သတိထားခဲ့မိတယ်
    ပျော်ရွှင်ပါသော ဘလောဂ့်ဒေးဖြစ်ပါစေ အစ်မသက်ဝေ။

    ReplyDelete
  6. တနေ့ပြီး တနေ့ အသက်တွေက ပိုကြီးလာတာ အခုဆိုရင် လူ့ဘဝသက်တမ်းရဲ့ တဝက်ကို ကျော်လွန်ခဲ့ပြီ။ အသက်တွေ ကြီးလာတာနဲ့အမျှ တာဝန်တွေ ဝတ္တရားတွေ ပိုများလာတယ်။ တာဝန်တွေ ပိုများလာတာနဲ့ အမျှ ကိုယ်ပိုင်အချိန်တွေ နည်းလာတယ်။ အဲဒီလို ကိုယ်ပိုင်အချိန်တွေ နည်းလာတာနဲ့အမျှ လူက စိတ်ဖိစီးမှုတွေ များလာတယ်။ အလိုမကျတာတွေ များလာတယ်။ စိတ်ရော လူရော ပင်ပန်းလာတယ်။ မကြည်လင်ဘူး မလန်းဆန်းဘူး။ အလိုလိုနေရင်း ဒေါသတွေ ကြီးလာတယ်။ မလိုအပ်ပဲနဲ့ စိတ်တွေ မာကျော ခက်ထန်လာတယ်။ အရာရာကို အဆိုးဖက်က မြင်တတ်လာတယ်…။ အေးအေးချမ်းချမ်း သက်တောင့်သက်သာဖြစ်ဖို့ ဘယ်လိုမှ တွေးလို့မရတော့ဘူး။ ဘယ်အရာကမှ ကိုယ့်စိတ်ကို သက်သာရာ မရစေခဲ့ဘူး။ တနေ့လုံးနေလို့ သီချင်းတစ မဆိုမိ မညည်းမိခဲ့ဘူး။ စာ ကဗျာ တကြောင်းတလေနဲ့ မပျော်မွေ့ဖြစ်ခဲ့ဘူး။


    ရေးတတ်လိုက်တာ မမရယ် တကဲ့ကို အဲဒီအတိုင်းပါဘဲ ။
    မမသက်ဝေ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် စာတွေအများကြီးဆက်ရေးနိုင်ပါစေ ။
    မမ ရဲ့ ဂျာနယ် မဂ္ဂဇင်းတွေက ၀တ္ထုလေးတွေအတွက် Congrat! ပါနော်။

    ReplyDelete
  7. :)

    မမ မိတ်ဆက်ပေးတဲ့ ဘလော့လေးမှာ 2 ခုလောက်က ရောက်ဖူးသေးဘူး။ သွားကြည့်လိုက်ဦးမယ်။

    စာတွေများကြီး ဆက်ရေးနိုင်ပါစေ။


    နောင့်။

    ReplyDelete
  8. ဟုတ်တယ်ဗျာ..၊ stress တွေ များလွန်းတဲ့၊ စံချိန်စံညွှန်းတွေ၊ တောင်းဆိုမှုတွေ များသထက် များလာနေတဲ့ လောကကြီးထဲမှာ ဘလော့ဂ်ရပ်ဝန်းထဲ က အပြန်အလှန် အားပေး၊ နှုတ်ဆက်သံတွေက အမောပြေစေတာ အမှန်ပါပဲ..၊ မသက်ဝေလည်း အကြည်ဓါတ်ကလေးတွေ မကြာခဏ ယိုစီးပြီး အက်ဆေးတွေကို အများကြီး ရေးနိုင်ပါစေဗျာ...။

    ReplyDelete
  9. ကိုအောင်(ပျူနိုင်ငံ)August 31, 2011 at 7:56 PM

    ပျော်ရွှင်စရာကောင်းတဲ့ ဘလော့ဒေးမှာ ပျော်ရွှင်စရာ တက်ဂ်ပို့စ်ကို ရေးပေးတဲ့ အမ မသက်ဝေ၊ အသက် ထောင်ကျော် သောင်းကျော် ရှည်ပါစေ ... :P

    ReplyDelete
  10. မမသက်ဝေ..
း)))))) အာဘွားးးးလာပေးတာပါမမရေ..
    ပျော်ရွှင်သောဘလော့ဂ်နေ့လေးဖြစ်ပါစေနော်။ ဘလော့ဂ်မှ မောင်နှစ်မများစွာနဲ့အတူ နှစ်ပေါင်းများစွာဘလော့ဂ်ဂင်းနိုင်ပါစေရှင်...။

    စာအရေးညက်ညောလွန်းတဲ့ မမသက်ဝေကို ကျေးဇူးကုဋေကဋာမကတင်ပါတယ်။

    ReplyDelete
  11. ညိုလေးတော့ နောက်တစ်ခါ ဂဏန်းဟင်းချက်ရင် မျက်ခုံးကြိုလှုပ်နေမလား မသိဘူး... ဟိ။

    မရေ...အက်ဆေးလေးတွေ ထပ်ရေးပါဦးနော်။ ဖတ်လို့ကောင်းလွန်းလို့...။ ဟိုတစ်ခါ ကတ်ကြေးလိုမျိုး...သက်မဲ့အရာဝတ္တုတစ်ခုခုကို အကြောင်းပြုပြီးတော့လေ။

    ဟက်ပီးဘလော့ဂ်ဒေးနော် မမ။း)

    ReplyDelete
  12. ပျော်ရွှင်သော ဘလောဂ်နေ့ပါရှင်..း))

    ReplyDelete
  13. Happy Blog Day ပါမမသက်ဝေ..
    ဘလော့ဒေးအမှတ်တရအဖြစ် စိတ်ချမ်းမြေ့ပျော်ရွှင်စွာနဲ့ ဆက်လက်ရေးသားနိုင်ပါစေ။
    ချစ်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  14. ဘလောက်ပါတီမှာအားလုံးသန်စွမ်းကျမ်းမာပါစေ..
    ...Cheers !!! :)

    ReplyDelete
  15. ပျော်ရွှင်ဖွယ်ဘလော့ဂ်ဒေးပါနော်။ အခွင့်အခါပေးတိုင်း စာကောင်းပေမွန်လေးတွေကို ဆက်လက်ရေးသား မျှဝေနိုင်ပါစေလို့ တောင်းဆုချွေခဲ့ပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  16. မမသက်ဝေရေ
    မမရဲ့စာမျက်နှာလေးမှာပါဝင်ခွင့်ရတဲ့အတွက်
    အရမ်းကိုပျော်ရွှင်ဂုဏ်ယူမိပါတယ်မမရေ
    ကျေးဇူးကမ္ဘာပါနော် ..

    ခင်မင်လေးစားလျှက်

    မဒိုးကန်

    ReplyDelete
  17. အစ်မရေ.....၃၁ရက်နေ့က ကျွန်တော့် ဆီမှာ လင့်တွေအ
    သစ်မတက်ပဲသေသလိုဖြစ်သွားလို့ မသိလိုက်ဘူးဖြစ်သွား
    တယ်ဗျာ...ခုမှတွေ့လို့ခုမှရောက်ပါတယ်...။ဟုတ်တယ်ဗျ
    ကျွန်တော်လည်းအဲ့နေ့က ဘလော့ကိုကျောခိုင်းသွားကြ
    သူတွေကိုသတိရနေမိတာ....

    ReplyDelete
  18. နောက်တော့ကျသွားပြီ၊ ဘာပဲဖြစ်ဖြစ် ပျော်ရွှင်သော ဘလော့ဂ်ဒေးပါ အစ်မသက်ဝေ :D

    ReplyDelete
  19. ဘလော့ဂ်စရေးတဲ့ အချိန်ထဲက ကွန့်မန့်လေးတွေနဲ့ အမြဲအားပေးလာတဲ့ ဘလော့ဂါ စီနီယာ သူငယ်ချင်းကို အမြဲကျေးဇူးတင်လျက်ရှိပါကြောင်း။

    စာလေးတွေ၊ အက်ဆေးကောင်းကောင်းလေးတွေ ရေးတတ်လို့ အမြဲလဲ အားကျလျက်ရှိပါကြောင်း။

    ပုံနှိပ်ဖော်ပြခံရတဲ့ စာလေးတွေအတွက်လဲ သူငယ်ချင်းအတွက် ဂုဏ်ယူလျက်ရှိပါကြောင်း။

    ဘလော့ဂ်ကင်းရင်း စာလေးတွေ ရေးရင်း ပျော်ရွှင်ပါစေဂျာ။

    ReplyDelete