Tuesday, June 3, 2025
Look back to memory lane
Monday, October 10, 2022
ကိုကိုနဲ့ ကျွန်မရဲ့ ကောင်းကင်
Saturday, October 1, 2022
တစ်နေ့သော နေသာချိန်
Sunday, November 15, 2020
ရွာရန် ရာနှုန်း ၈၀
ချစ်ခြင်းမေတ္တာသာ ရှိနေရင် သူတို့ ဘယ်တော့မှ... ဘယ်တော့မှ... ဘယ်တော့မှ....
သက်ဝေ
(၇ နိုဝင်ဘာ ၂၀၂၀)
Monday, September 7, 2020
ပျော်ရွှင်မှု မိုးရေစက်
ပျော်ရွှင်မှု မိုးရေစက် လို့ အမည်ရတဲ့ စာအုပ် (၃-၉-၂၀၂၀) မှာ ဝိုင်းမော်စာပေက ဖြန့်ချီပါတယ်။
ဝတ္ထုတို ၃၃
ပုဒ် ပါဝင်တဲ့ ဒီစာအုပ်လေးကို ကိုကြည်စိုး (ဝိုင်းမော် စာပေ) က စုစည်း စီစဉ် ထုတ်ဝေပါတယ်။
မျက်နှာဖုံးပန်းချီကို ကိုနေမျိုးဆေးက ရေးဆွဲထားပြီး အတွင်းသရုပ်ဖေါ်ပုံတွေကို ကိုသီဟ
(Kyaw Lion) က ရေးဆွဲ ပုံဖော်ပေးထားပါတယ်။
စာအုပ်တန်ဖိုး - ၃၀၀၀ - ကျပ်
(စာတိုက်မှ
အရောက်ပို့ = တန်ဖိုး ၃၀၀၀ + ပို့ခ ၅၀၀ = ၃၅၀၀ ကျပ်) ပါ။
စာအုပ်မှာယူလိုပါက
-
(၁) အမည်
(၂) လိပ်စာအပြည့်အစုံ
(အိမ်နံပတ်၊ လမ်း၊ ရပ်ကွက်၊ မြို့)
(၃) ဖုန်းနံပတ်တို့ကို
ဝိုင်းမော် Facebook Page ရဲ့ Messenger
https://www.facebook.com/380483266050980/photos/a.384653872300586/767951147304188
ကနေ တဆင့် မှာလို့ရပါတယ်။ Citymart နဲ့ Market Place တွေမှာလည်း ဝယ်ယူလို့ ရနိုင်ပါတယ်။
ချစ်တဲ့ သူငယ်ချင်း
မိတ်ဆွေတွေ အားပေးကြမယ်လို့ မျှော်လင့်ပါတယ်...
စင်္ကာပူက သူငယ်ချင်းတွေအတွက် စာအုပ်ရဖို့ စီစဉ်နေပါတယ် update လုပ်ပါ့မယ်နော်...
ကျေးဇူးတင် ချစ်ခင်လျက်
သက်ဝေ
(၀၇ စက်တင်ဘာ ၂၀၂၀)
Thursday, September 3, 2020
Friday, June 12, 2020
မြို့ကလေးနဲ့ ပျော်ရွှင်မှု
ဒီနေ့ လေတိုက်နေပုံက စိတ်လိုက်မာန်ပါရှိပြီး တော်တော်လည်း ပြင်းထန်တယ်။ လေတွေဟာ ပြတင်းတံခါးကို စေ့ပိတ်ထားတဲ့ကြားထဲက တကျိကျိနဲ့ တိုးဝင်လာတတ်တဲ့အပြင် အသံကလည်း ခေါင်းပေါ်မှာ လေယာဉ်ပျံတစ်စင်း ဖြတ်မောင်းသွားသလို သံရှည်ဆွဲသွားတဲ့ အသံမျိုးနဲ့။ တစ်ချက်တစ်ချက်မှာတော့ လေချွန်သံ ခပ်ကျယ်ကျယ်လိုမျိုး တရွှီရွှီနဲ့။ ကျွန်တော်နေတဲ့ အိမ်ခန်းက အဆောက်အဦးရဲ့ အထပ်မြင့်မှာဆိုတော့ အပြင်ကို လှမ်းကြည့်လိုက်ရင် ကိုယ့်မျက်စိနဲ့ တစ်တန်းထဲမှာ နီးနီးကပ်ကပ် ဘာမှ မမြင်ရဘူး။ ဟိုး ခပ်လှမ်းလှမ်းမှာတော့ အပြာရောင် အနီရောင် အမိုးတွေနဲ့ အဆောက်အဦးမြင့်မြင့်တွေကိုမြင်ရတယ်။ နည်းအမျိုးမျိုးနဲ့ တိုက်နေတဲ့ လေတွေကို မျက်စိနဲ့ မမြင်ရ၊ လက်နဲ့ ဖမ်းဆုတ်လို့ မရသော်လည်း တစ်ခုခု မြင်ရလို မြင်ရငြား ပြတင်းတံခါးကို တွန်းဖွင့်လိုက်တယ်။ အိုး… ပြင်းလိုက်တဲ့လေတွေပါလား။ ပြတင်းတံခါး ဟ လိုက်တာနဲ့ တလစပ် အတင်း တိုးဝင်လာကြတယ်။ ပြတင်းဝ လေတိုက်ထဲမှာမှာ ရပ်ပြီး ငေးမောရင်းကနေ အမှတ်တမဲ့ အောက်ကို ငုံ့ကြည့်လိုက်မိတယ်။ စိမ်းစို နုသစ်နေတဲ့ အရွက်တွေ သိပ်သည်းအုပ်မိုးနေတဲ့ မြင်ကွင်းဟာ ကျွန်တော့်ကို ခပ်မြန်မြန် ဖမ်းစားသွားတာပဲ။ ပြောပြရင် ခင်ဗျားတို့ မြင်မလား မသိဘူး... ကျွန်တော့် မျက်စိ အောက်က မြင်ကွင်းကို။ ကင်မရာနဲ့ ချိန်လိုက်ရင် ကင်မရာ ချောင်းကြည့်ပေါက်ကနေ ဘောင်အပြည့် အဲဒီသစ်ရွက်စိမ်းတွေချည်း ဖြစ်နေတဲ့ မြင်ကွင်းမျိုး။ အဲဒီ သစ်ရွက်တွေကနေ အောက်ထဲကို ဘာမှ ထိုးဖေါက် မမြင်ရဘူးရယ်။ အဲဒီလောက်တောင် စိမ်းညို့သိပ်သည်းတာ... အဲဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဘာရယ်ကြောင့်မှန်းမသိ ကျွန်တော့်စိတ်ထဲက ပျော်ရွှင်မှုပမာဏဟာ ရုတ်ချည်းဆိုသလို တရိပ်ရိပ် မြင့်တက်လာခဲ့တယ်။ သစ်ရွက်စိမ်းတွေကို လေဝှေ့နေတဲ့ မြင်ကွင်းဟာ ပျော်ရွှင်မှုလား... စဉ်းစားစရာ။
လမ်းဘေးဝဲယာတလျောက်နဲ့ မြင်ရသမျှ နေရာအနှံ့ လက်ညှိုးထိုးမလွဲ သေသေချာချာ ဂရုတစိုက် မွေးမြူ ပြုပြင်ထားဟန်တူတဲ့ စိမ်းစို နုသစ်နေတဲ့ သစ်ပင် ပန်းပင်တွေ၊ အကြီး အသေး အရွယ်စုံ အမျိုးပေါင်းစုံလင်ပြီး စနစ်တကျ လှပနေတဲ့ မြို့ကလေးကို ရောက်လာခါစက ကျွန်တော်ဟာ အရာရာကို လွတ်လပ်ပေါ့ပါးစွာ ရှုမြင် တွေးခေါ်ရင်း အပူပင် အကြောင့်ကြ ကင်းမဲ့ပြီး အချိန်တိုင်း ပျော်ရွှင်ရယ်မောနေတတ်သူ လူငယ်တစ်ယောက်သာ ဖြစ်တယ်။ မြို့ကလေးမှာ ရေကြည်သလား မြက်နုသလား၊ မြို့ကလေးရဲ့ အားသာချက်က ဘာလဲ၊ အားနည်းချက်က ဘာလဲ၊ ဘာကြောင့် ကျွန်တော် ဒီမြို့လေးမှာ အခြေချ နေထိုင်ဖို့ ရွေးချယ်ခဲ့သလဲ... ပျော်ရွှင်မှုကြောင့်လား၊ ငွေကြေးကြောင့်လား၊ ချစ်သူကြောင့်လား၊ ပညာ အဆင့်အတန်းနဲ့ ထိုက်တန်တဲ့ အလုပ်အကိုင်ကြောင့်လား၊ ပြေပြစ်မျှတတဲ့ ရာသီဥတုကြောင့်လား၊ ယဉ်ကျေးမှု သိပ်မကွာဟတဲ့ အာရှနိုင်ငံတစ်ခု ဖြစ်လို့လား၊ အထွေထွေ လုံခြုံမှုကြောင့်လား ဒါမှမဟုတ် မိဘ ဆွေမျိုးတွေရှိတဲ့ မွေးရပ်မြေနဲ့ အလှမ်းမဝေးလို့များလား... မေးခွန်းတွေ အတော်များပါတယ်။ ကံကြမ္မာက သူ့အလိုလို တွန်းပို့လိုက်တာ ဆိုတဲ့ ဇာတ်ဆန်ဆန် စကားမျိုးကိုတော့ ကျွန်တော် မသုံးနှုန်းချင်ပါ.ဘူး.. ဒါပေမယ့် များများစားစား မစဉ်းစားခဲ့မိတာတော့ အမှန်ပါ။
ဒီလိုနဲ့ ဒီမြို့ကလေးကို ကျွန်တော်ရောက်နေခဲ့တာ အခုဆိုရင် အနှစ် နှစ်ဆယ် ရှိခဲ့ပြီ။ ခုချိန်မှာ တစ်ယောက်ယောက်ကများ “ဒီမြို့ကလေးမှာ နေရတာ မင်း ပျော်ရွှင်ပါသလား...” လို့ မေးလာခဲ့ရင် ကျွန်တော် ဘယ်လိုဖြေရပါ့မလဲ။
ပျော်ရွှင်မှုဟာ ကျွန်တော့် တစ်ကိုယ်စာနဲ့ သက်ဆိုင်သလား၊ ကျွန်တော့် မိသားစု၊ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ သက်ဆိုင်သလား၊ ကျွန်တော့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ သက်ဆိုင်သလား။ အခြေတကျ နေထိုင်နိုင်မှု၊ သင့်တင့်မျှတတဲ့ ဝင်ငွေ၊ ရာထူး၊ အလုပ်အကိုင် စတာတွေနဲ့ရော တစ်နည်းတစ်ဖုံ သက်ဆိုင်နေပါသလား။ အဖြေကို စဉ်းစားတယ်။ အဖြေကို စဉ်းစားရင်း မေးခွန်းကို သဲကွဲအောင် နောက်တကြိမ် ပြန်ဖတ်ကြည့်မိတယ်။ တစ်ချို့သော အဖြေတွေဟာ မေးခွန်းထဲမှာ ပါပြီးသား ဖြစ်နေတတ်တယ် မဟုတ်လား။ ပြန်ဖတ်ကြည့်တော့ အမေးစကားမှာပါတဲ့ အဓိက စာလုံး နှစ်လုံး (သို့မဟုတ်) အဓိက အကြောင်းအရာ နှစ်ခု ကို မြင်လိုက်ရတယ်။ ဆိုတော့ အဲဒါကိုပဲ အဓိက ထားပြီး စဉ်းစားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ နံပါတ် တစ်က "မြို့ကလေး" နဲ့ နံပါတ် နှစ်က "ပျော်ရွှင်မှု"...။ ဒါ အဓိက စဉ်းစားရမယ့် အကြောင်းအရာ နှစ်ခုပဲ။ တစ်ခုနဲ့ တစ်ခု တိတိပပ ပတ်သက် ဆက်နွှယ်နေတဲ့ ဝေါဟာရ နှစ်ခု။
• မြို့ကလေး နဲ့ ပျော်ရွှင်မှု •
ဟုတ်ပြီ… ဒါဆို မြို့ကလေးအကြောင်းကနေ စ လိုက်ရအောင်။ ပြောရမယ်ဆို ကျွန်တော်နေတဲ့ မြို့ကလေးဟာ အတော် သေးငယ်တယ်။ ဘယ်လောက်တောင် သေးငယ်လဲ ဆိုရင် ကမ္ဘာ့မြေပုံပေါ်မှာ အနီရောင် အမှုန်အစက်ကလေး တစ်စက်အဖြစ်နဲ့သာ မြင်ရပြီး သေးငယ်သော အနီစက်ကလေး - Little Red Dot - လို့ အမည်ပေးရတဲ့အထိကို သေးငယ်လှတယ်။
အဲဒီမြို့ကလေးက အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် မြို့တစ်မြို့မှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေနဲ့တော့ ကိုက်ညီတယ်လို့ ဆိုရမယ်။ မြို့ကလေးဟာ အချိုးအစား ကျနပြီး သေသပ် လှပတယ်။ စည်းကမ်းတကျ သန့်ရှင်း စင်ကြယ်တယ်။ လမ်း တံတား လူနေအိမ်၊ တိုက်တာ အဆောက်အဦး၊ ကစားကွင်း၊ ပန်းခြံ၊ ကျောင်း၊ ဆေးရုံ၊ ဈေး... အားလုံး သူ့နေရာနဲ့သူ နေရာတကျရှိပြီး မြို့ကွက်ကလည်း စနစ်ကျတယ်။ ယုံကြည် စိတ်ချရတဲ့ ကျန်းမာရေး စောင့်ရှောက်မှုရှိတယ်။ ဆေးကုသစားရိတ် မြင့်မားတယ် ဆိုပေမယ့် ရာခိုင်နှုန်းတော်တော်များများ စိတ်ချလက်ချ ယုံကြည်နိုင်လို့ အနီးအနားက နိုင်ငံတွေကတောင် ဆေးလာကုကြရတယ်။ အရေးပေါ်ကိစ္စတစ်ခုခုဖြစ်ရင် ငါးမိနစ်အတွင်း အရေးပေါ်ကားရောက်နိုင်ပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ် အတွင်းမှာ ဆေးရုံကို ရောက်နိုင်တဲ့အထိ မြန်ဆန်တယ်။ အချိန်မရွေး မီးခလုတ်ဖွင့်လိုက်ရင် မီးလင်းပြီး ဘုံဘိုင်ပိုက်ခေါင်းကို လှည့်လိုက်ရင် ရေလာတယ်။ အဲဒီလို ကျန်းမာရေး ဝန်ဆောင်မှု၊ ရေ၊ မီး စတဲ့ အခြေခံအကျဆုံး လိုအပ်ချက်တွေမှာ ကြောင့်ကြစရာ နည်းနည်းမှ မရှိတာဟာ ပျော်ရွှင်မှုနဲ့ ဆက်နွှယ် ပတ်သက်နိုင်သလား။ ကျွန်တော် စဉ်းစားရတယ်…။
မြို့ကလေးမှာ အရောင်စုံ အရွယ်စုံ ပုံသဏ္ဍာန်စုံ အမှိုက်ပုံးတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်။ အိမ်တွင်းက အမှိုက်၊ မီးဖိုချောင်က အမှိုက်တွေကို အိမ်ထဲမှာ ရှိတဲ့ အမှိုက်သွား ပိုက်လိုင်းက တဆင့် စွန့်ပစ်လို့ရတဲ့ ထူးခြားတဲ့ အမှိုက်ပစ် စနစ်ရှိတယ်။ ရေစီးရေလာ ကောင်းမွန်တဲ့ စနစ်ရှိတယ်။ စနစ်တကျ အမှိုက်ပစ်လို့ ရတာ၊ လမ်းမတွေအပါအဝင် နေရာတကာမှာ သန့်ရှင်းတာဟာ ပျော်ရွှင်မှုရဲ့ တစိတ်တပိုင်းများ ဖြစ်နိုင်သလား...
မြို့ကလေးမှာ ကျွန်တော်တို့အားလုံး စိတ်ချလက်ချ အသုံးပြုနိုင်တဲ့ ပို့ဆောင်ဆက်သွယ်ရေးစနစ် ရှိတယ်။ အများသုံး ကား ရထားတွေဟာ မိုးလင်း မိုးချုပ် ပြေးဆွဲပြီး အချိန်မှန်တယ်။ တိုက် တစ်တိုက်နဲ့ တစ်တိုက်၊ အဆောက်အဦးတစ်ခုနဲ့တစ်ခု ဆက်သွယ်ထားတဲ့ အမိုးပါတဲ့ လျှောက်လမ်းကလေးတွေ ရှိတယ်။ မိုးရွာနေရင်တောင် ထီးမယူပဲ ကားမှတ်တိုင် (သို့) ရထားဘူတာကနေ အိမ်အထိ သက်တောင့်သက်သာ လမ်းလျှောက်ပြန်နိုင်အောင် အဆင်ပြေတယ်။ အားကစားလေ့ကျင့်ဖို့၊ အညောင်းပြေ အညာပြေ လမ်းလျှောက်ဖို့၊ စက်ဘီးစီးဖို့ သီးသန့်လမ်းတွေ ရှိတယ်။ စိမ်းစိုလှပတဲ့ ပန်းခြံတွေရှိတယ်။ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းမြို့လေး ဖြစ်တာကြောင့် ကျယ်ပြောလွင့်ပျူးတဲ့ ကမ်းခြေတွေလည်း ရှိနေသေးတယ်။ လမ်းဘေး ၀ဲယာတလျှောက်မှာ၊ လမ်းအလယ်မှာ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သစ်ပင် ပန်းပင်တွေ ရှိတယ်။ အဲဒီ သစ်ပင်ကြီးတွေတိုင်းမှာ ကိုယ်ပိုင်နံပါတ်ရှိတယ်ဗျ။ သစ်ရွက်ကြွေတွေကို အမြဲရှင်းလင်းသိမ်းဆည်းတတ်တဲ့အပြင် မလိုအပ်တဲ့ သစ်ကိုင်းအပိုတွေကိုလည်း အမြဲ ရှင်းလင်းပြုပြင်နေတတ်တယ်။ စိုက်ထားသမျှ ပန်းတိုင်း ပွင့်ပြီး ပွင့်သမျှ ပန်းတိုင်း လန်းဆန်းတယ်။ မြို့ကလေး အဲဒီလို သာယာစိုပြေနေတာဟာ ကျွန်တော့်စိတ်ကို အတိုင်းအတာတစ်ခုအထိ ကြည်လင် ပျော်ရွှင်စေသလား…
မိန်းကလေးတစ်ယောက်တည်း ဖြစ်ပေမယ့် နေရာတော်တော်များများကို အနှောက်အယှက်ကင်းကင်း ပေါ့ပေါ့ပါးပါး သွားလာလို့ရတဲ့ အဆင်ပြေ လုံခြုံမှုမျိုး မြို့ကလေးမှာ ရှိတယ်။ နေရာနှင့် အချိန်ပေါ် မူတည်ပြီး ဘေးအန္တရာယ် (မရှိသလောက်) ကင်းရှင်းတယ်။ စီစီတီဗီလို့ ခေါ်ကြတဲ့ ကင်မရာတွေ နေရာတိုင်းမှာရှိတယ်၊ တစ်ခုခုဆို ဒါဏ်ငွေချမှတ်တတ်တဲ့ အတွက် Fine City လို့ နာမည်ကြီးတယ်။ တရားဥပဒေ တိတိပပ စိုးမိုးတယ်။ အများစုကတော့ မဟုတ်တာကို မလုပ်ရဲကြသလောက်ပါ။ အဲဒီလို နေ့စဉ်လူနေမှုဘဝ လုံခြုံစိတ်ချရတာဟာ ပျော်ရွှင်မှုပမာဏကို မြင့်တက်စေပါသလား…
၂၀၁၄ ခုနှစ် စီးပွားရေးပညာရှင်တွေရဲ့ စစ်တမ်းအရ မြို့ကလေးဟာ ကမ္ဘာပေါ်မှာ လူနေမှု စရိတ် အမြင့်မားဆုံး၊ ဈေးအကြီးဆုံး မြို့လို့ သတ်မှတ်ကြတယ်။ စားစရိတ် နေစရိတ် အထွေထွေကုန်ကျစရိတ် ကြီးမားလှတာတော့ အမှန်ပဲ။ ဒါဟာ ပျော်စရာကိစ္စတစ်ခုတော့ မဟုတ်ပေဘူး။ ဒါပေမယ့် သန့်ရှင်းမှု လုံခြုံမှုတို့နဲ့ အစစ အရာရာ စည်းစနစ်ကျ၊ အဆင်ပြေ သက်သာပြီး လွယ်ကူ ချောမွေ့စေတာတွေကြောင့် နေလို့ သင့်တော်တဲ့နေရာ တစ်ခုလို့ လက်ခံကြရတာပါပဲ။
အခုလောက်ဆို ကျွန်တော် နှစ်နှစ်ဆယ် နီးပါး ကျင်လည်နေခဲ့ရတဲ့ မြို့ကလေးအကြောင်း အကြမ်းအားဖြင့်တော့ သိသွားပြီ။ မြို့ကလေးနဲ့ ပျော်ရွှင်မှု ဘယ်လို ဆက်စပ်သလဲ ကြည့်ရအောင်ပါ။
• ပျော်ရွှင်မှုနဲ့ မြို့ကလေး •
မြိ့ကလေး အကြောင်း ပြီးတော့ ပျော်ရွှင်မှု ဆီကို တစ်လှည့် သွားကြည့်ကြရအောင်။ ပျော်ရွှင်မှု ဆိုတာ ဘာလဲ၊ ပျော်ရွှင်မှုရဲ့ အရောင်အဆင်းက ဘာလဲ၊ ပျော်ရွှင်မှုမှာ အနံ့အရသာ ရှိသလား။ ပျော်တယ် မပျော်ဘူး ဆိုတာကိုရော ဘယ်လို သိမလဲ ဘာနဲ့ ချိန်တွယ် တိုင်းတာမလဲ… စဉ်းစားရပြီ။
တကယ်တော့ ပျော်ရွှင်မှုဆိုတာ လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင် စိတ်ခံစားချက် သက်သက်သာ ဖြစ်လို့ အဓိပ္ပါယ်ဖွင့်ပြီး ပြောပြဖို့ သိပ်ခက်ပါတယ်။ အတိုင်းအတာ ပမာဏ ထုထည် စတဲ့ ယူနစ် တစ်ခုခုနဲ့ သတ်မှတ်လို့ မရတော့ ဘာနဲ့မှ နှိုင်းယှဉ် တိုင်းတာပြလို့ မရတဲ့အပြင် ဒါကြီးဟာ ပျော်ရွှင်မှုပါဗျ လို့လည်း လက်ဆုပ်လက်ကိုင် ပြလို့ မရပါဘူး။ မတူညီတဲ့ နေရာဒေသ၊ မတူညီတဲ့ ယဉ်ကျေးမှုနဲ့ မတူညီတဲ့ လူမျိုးတွေတိုင်းမှာ မတူညီတဲ့ ပျော်ရွှင်ခြင်းတွေ ကိုယ်စီ ရှိတတ်ကြပါတယ်။ တကယ်လို့များ စားစရာမရှိအောင် ဆင်းရဲနေခဲ့ရင်၊ နေထိုင်စရာ အမိုးအကာ မလုံလောက်အောင် ဆင်းရဲနေခဲ့ရင် နေရာဒေသတစ်ခုဟာ ဘယ်လောက်ပဲ သာယာနေပါစေ ဘယ်လောက်ပဲ လှပနေပါစေ လူတွေ ပျော်ရွှင်နေကြဖို့ ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား။ ကျွန်တော်တို့ လူသားတွေအတွက် အခြေခံကျတဲ့ လိုအပ်ချက်တွေ မပြည့်စုံရင် ပျော်ရွှင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား။ နေရာဒေသ အသီးသီးမှာ အခြေချ နေထိုင်ရှင်သန်နေကြတဲ့ လူသားတွေအတွက် ပျော်ရွှင်ဖို့ ဆိုတာ အကြောင်းအမျိုးမျိုးနဲ့ ပတ်သက်ဆက်နွှယ်နေပါတယ်။
ကျွန်တော်နားလည်တဲ့ ပျော်ရွှင်ခြင်း အတွက် အဓိက လိုအပ်ချက် တစ်ခုကတော့ နှလုံးသားတွေ နွေးထွေးဖို့ပါပဲ။ စာတွေထဲမှာ ကျွန်တော် ဖတ်ဖူးတယ်။ ကမ္ဘာပေါ်မှာ လူတွေ အမြဲတမ်း ပျော်နေတဲ့ နေရာတွေ ရှိတယ်။ ပျော်စရာကောင်းတဲ့ နေရာတွေ နိုင်ငံတွေကို တစ် နှစ် သုံး ဆိုပြီး အမှတ်စဉ်နဲ့ စဉ်ထားတဲ့ စစ်တမ်း ရှိတယ်။ ဥပမာ လူတွေ အမြဲပျော်နေကြတဲ့ နော်ဝေ၊ နယ်သာလန် ဆွဇ်ဇာလန် စသည်ဖြင့်ပေါ့။ ကျွန်တော်နေတဲ့ မြိုကလေးကတော့ အဲဒီနေရာဒေသတွေလောက် အဲဒီနိုင်ငံတွေလောက် လှပ ချင်မှ လှပမယ်၊ သဘာဝတောတောင်ရေမြေတွေ နည်းပါးလို့ သာယာချင်မှ သာယာမယ်၊ ပျော်စရာ ကောင်းချင်မှ ကောင်းမယ်၊ ပျော်စရာ နေရာဒေသတစ်ခုအဖြစ် စာရင်း ဝင်ချင်မှ ဝင်မယ်၊ ဒါပေမယ့် ကျွန်တော့် စိတ်ကို အတိုင်းအတာ တစ်ခုအထိ လုံခြုံနွေးထွေးမှု ရစေတာတော့ အမှန်ပါပဲ။
အကောင်းနဲ့ အဆိုး ဆိုတာ နေရာတိုင်းမှာ တတွဲတွဲ ရှိကြစမြဲပါ။ မြို့ကလေးအကြောင်း အကောင်းတွေချည်းပဲ ရေးပြလို့ အဲဒီ အကောင်းတွေကြောင့် ပျော်ရွှင်ရတာ တစိတ်တပိုင်း ဖြစ်နိုင်ပေမယ့် တကယ့် ပျော်ရွှင်မှုအတွက်ကတော့ နှလုံးသားတွေ နွေးထွေး ကျန်းမာစွာ ရှင်သန်နိုင်ဖို့ ဆိုတဲ့ အချက်က ပိုများမယ် ထင်ပါတယ်။ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့ အခြေချ နေထိုင်ခဲ့တယ် ဆိုပေမယ့် နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ် တဲ့…။ ဟုတ်တယ်... အိမ် ဆိုတဲ့ နွေးထွေးမှု အစိတ်အပိုင်း တော်တော်များများကို မြို့ကလေးမှာ ကျွန်တော် ထိတွေ့ ခံစားနိုင်တယ်။ ဒါဆိုရင် ဒီမြို့ကလေးမှာ နေရတာ မင်း ပျော်ရွှင်ပါသလား... ဆိုတဲ့ မေးခွန်းအတွက် ကျွန်တော့ အဖြေကို နားလည်နိုင်မယ် မဟုတ်လား။ ပြီးတော့ ကျွန်တော့်အဖြေဟာ အတန်အသင့်တော့ သဘာဝကျ အဆင်ပြေ လုံလောက်တယ် မဟုတ်လား။
*****
အပြင်ဖက်မှာ လေတွေ ခပ်ပြင်းပြင်း တိုက်ခတ်နေဆဲပါ။ ပြတင်းဝကနေ ငုံ့ကြည့်လိုက်ရင် မြင်ရတဲ့ သစ်ပင် အုပ်အုပ်စိမ်းစိမ်းတွေလည်း လေအဝှေ့မှာ ဘယ်ညာ ယိမ်းထိုး ကခုန်နေဆဲပါ။ ရေးလက်စ စာလေးကို အခုလို လက်စသတ်အပြီး ပြတင်းတံခါးမှာ ရပ်ရင်း၊ အဲဒီမြင်ကွင်းကို နောက်တစ်ကြိမ် ထပ်ကြည့်နေရင်းက ကျွန်တော့စိတ်ထဲမှာ ကြည်လင် စိမ်းလန်းလာပါတယ်၊ ပြီးတော့ အဆက်မပြတ် တိုးဝှေ့ တိုက်ခတ်နေတဲ့ လေတွေကြားမှာ ကျွန်တော့်စိတ်တွေ ပျော်ရွှင်သည်ထက် ပျော်ရွှင်လာခဲ့ပါတယ်။
သက်ဝေ
(၂၈ ဖေဖေါ်ဝါရီ ၂၀၂၀)
~ ၂၀၂၀ မတ်လတွင် ထုတ်ဝေသော နှင်းဆီဖြူ - ဤကမ္ဘာမြေပေါ်ဝယ် စာပေဂျာနယ်တွင် ဖေါ်ပြပြီး ဖြစ်သည်။
Friday, May 8, 2020
ချစ်သော ရန်ကုန်
ရန်ကုန်မြို့အကြောင်းကို စာစီစာကုံးတစ်ပုဒ်အဖြစ် ရေးဖွဲ့သီကုံးပြပါဟု ဆိုလျှင် ရန်ကုန်တွင် နှစ်သုံးဆယ်နီးပါး နေထိုင်ကြီးပြင်းခဲ့ရသူ ကျွန်မအဖို့ ရေးစရာ အကြောင်းအရာ အတော်များများ ရှိနေခဲ့ပါသည်။ ထိုအကြောင်းအရာများကို ကျွန်မ နေထိုင်ဖြတ်သန်းခဲ့ရသော ပထမ ဆယ်စုနှစ်၊ ဒုတိယ ဆယ်စုနှစ်နှင့် တတိယ ဆယ်စုနှစ်ဟု အကြမ်းအားဖြင့် ပိုင်းခြားကာ ရေးပြလိုပါသည်။
(၁)
ကျွန်မ ဖြတ်သန်းခဲ့ရသော ပထမ ဆယ်စုနှစ် - ကလေးဘဝတွင် ရန်ကုန်ကို ပျက်ပျက်ထင်ထင် သိရှိမှတ်မိသမျှက အစိမ်းရောင် သံဇကာကွက်များနှင့် ကျွန်မတို့အိမ်ကလေး၊ အိမ်ရှေ့ခြံစည်းရိုးတလျှောက်မှ စီးပွားဂမုန်းပင်များ၊ တိုက်ပန်းနွယ်များနှင့် မိုးဦးကျကာလများတွင် မိုးရေစက်များကြားမှ မွှေးမြနေသော ဇွန်ပန်းရုံများ၊ ရွှေတိဂုံဘုရား၊ တိရိစ္ဆာန်ရုံ၊ တော်လှန်ရေးပန်းခြံ၊ ကျိုက္ကဆံကွင်း နှင့် ကျွန်မ တက်ခဲ့ရသော မြို့မ အမျိုးသားကျောင်း (ယခု - အ ထ က ၂ ဒဂုံ) တို့သာ ဖြစ်ကြသည်။ ကျွန်မတို့ ငယ်စဉ်က ရန်ကုန်သည် သပ်ရပ်သည်၊ သန့်ရှင်းသည်၊ အေးချမ်းသည်၊ ကျယ်ဝန်းသည်၊ လေကောင်းလေသန့်များကြောင့် အသက် ဝဝရှူနိုင်သည်။ အစစ အရာရာ ရိုးရှင်းသလို မိသားတစ်စုနှင့်တစ်စု လူတန်းစား ကွာဟမှုလည်း နည်းပါးသည်ဟု မြင်မိပါသည်။
တေးဂီတဘက်သို့ အာရုံတိမ်းညွှတ်လာအရွယ်တွင် ဖေဖေက ဟီတာချီအမျိုးအစား ကက်ဆက်ကလေးတစ်လုံး ဝယ်ပေးခဲ့ပါသည်။ ကက်ဆက်လေးရလာပြီးသောအခါ ကျွန်မတို့ မောင်နှမနှစ်ယောက် ရသမျှ မုန့်ဖိုးများ စုကာ သီချင်းခွေများ ဝယ်ရန်၊ သီချင်းများကို ရွေးကူးရန်၊ သီချင်းစာအုပ် ဝယ်ရန် အစရှိသော အကြောင်းပြချက်များဖြင့် ဘားလမ်းကို မကြာခဏ သွားတတ်လာခဲ့သည်။ ကိုတင်အုန်းဆိုင်တွင် စတော်ဘယ်ရီ လက်ဖျော် သောက်ကြသည်။ ဘားလမ်းနှင့် အနီးတဝိုက်ရှိ ယင်းမာ၊ ဂျူပီတာ၊ စပါယ်ဦး၊ ပန်းနုလဝန်း၊ Music Plug အစရှိသော တေးသံသွင်းဆိုင်များသာမက မဂိုလမ်း ပန်းဆိုးတန်း ဆူးလေ အစရှိသော လမ်းများကိုလည်း ခြေရာခြင်းထပ်အောင် လျှောက်ခဲ့ကြသည်။ ထိုစဉ်က စီခြောက်ဆယ် ကက်ဆက်တစ်ခွေတွင် သီချင်း ၁၂ ပုဒ် ကူးကြပါသည်။ ကက်ဆက်ခွေကာဗာတွင် သီချင်းနာမည်များနှင့် သီဆိုသူ နာမည်ကို လက်ရေးစာလုံးဖြင့် လှပသေသပ်စွာ ရေးသားကြသည်။ ကျွန်မ မုန့်ဖိုးဖြင့် ပထမဆုံးဝယ်ယူခဲ့သော သီချင်းခွေမှာ ကိုင်ဇာနှင့် မေဆွိ၏ တူနှစ်ကိုယ်တိုင်းပြည် အခွေဖြစ်ပြီး တန်ဖိုးမှာ ကာဗာမပါ - ၂၃ ကျပ်ဖြစ်ပါသည်။ ထိုစဉ်က စတီရီယိုသီချင်းခွေများတွင် တိုင်းပြည်အကျိုးပြုတေးသီချင်းတစ်ပုဒ် မထည့်မနေ ထည့်ရသောခေတ်လည်း ဖြစ်ပါသည်။ တေးသံရှင် ဗလကို ဘားလမ်းမှာ စတင်တွေ့မြင်ခဲ့ဘူးသည်။ ဂျူပီတာ တေးသံသွင်းပိုင်ရှင်၏ သမီး အတော်ချောသည်ဟု မောင်လေးက ပြသဖြင့် (မဆီမဆိုင်) ကြည့်ခဲ့ရသေးသည်။ ဘားလမ်းသွားရင်း ဗိုလ်ချုပ်အောင်ဆန်းဈေး (စကော့ဈေး) ကို တစ်ခါစ နှစ်ခါစ သွားတတ်လာသည်။ ရှပ်အင်္ကျီအကွက် ပွပွရှည်ရှည်များ ဝယ်ယူ ဝတ်ဆင်တတ်လာသည်။ ပလက်ဖေါင်းပေါ်မှာ ချရောင်းသော နာမည်ကျော် နိုင်ငံခြား မင်းသမီး မင်းသားပုံ Wall sheet များ၊ ပြက္ခဒိန်များကို ရပ်ကြည့်တတ်လာသည်။ ရန်ကုန်မြို့လည် လမ်းမကြီးများပေါ်တွင် အများသူငါများနှင့်အတူ ရောနှော လိုက်ပါရင်း အေးအေးဆေးဆေး ငေးမောကာ လျှောက်ခဲ့ရသော၊ လွတ်လပ်ပျော်ရွှင်ရသော အချိန်ကာလများ ဖြစ်ပါသည်။
ထိုအချိန်တွင် ရုပ်မြင်သံကြားစက်များ ရန်ကုန်သို့ ရောက်လာကြပြီး အိမ်မှာ မရှိသေးသူများ ရပ်ကွက်ကောင်စီရုံးရှေ့တွင် စုဝေးကာ သွားကြည့်ကြရသည်။ ဆိုရှယ်လစ်ခေတ်တွင် လူကြီးများ အားလုံးလိုလို ပါတီ ကောင်စီဝင် ဖြစ်ကြရသည်။ ထိုသူများကို ရပ်ရေး ရွာရေးများတွင် ရှေ့ဆုံးမှာ တွေ့ရတတ်ပြီး သူတို့ကို ကြည့်လိုက်လျှင် အမြဲတမ်း အရေးကြီးနေတတ်ကြသည်။ ထိုစဉ်က ရန်ကုန်သည် မီးမပျက်တတ်ပါ။ အချို့သော နွေညများတွင် လျှပ်စစ်မီးအလင်းရောင်က ပူသည်ဟု ဆိုကာ တမင် မီးမှိတ်ပြီး အမှောင်ထဲတွင် မြက်ဖျာချောလေး ခင်းထိုင်ရင်း မေမေသုပ်ပေးသော လဖက်သုပ် ဂျင်းသုပ်များ စားကြရသည်။ ညက မှောင်မှောင်မှာ ခြင်များ မရှိသလို ခြင်ဆေးခွေလည်း ဘယ်သူမှ မရောင်းကြပါ။
လမ်းမီးတိုင် နီကျင်ကျင်အောက်မှ မြေနီကုန်းညဈေးတန်း၊ လှည်းတန်ညဈေးတန်းများတွင် စားကောင်းသောက်ဖွယ်များ ရောင်းချလျက် စည်ကား၏။ မြေနီကုန်းဈေးမှ စာအုပ်အဟောင်းဆိုင်တွင် ဒဂုန်တာရာ၏ မေ စာအုပ်ကို သုံးကျပ်ဖြင့် ဝယ်ခဲ့ဖူးသည်ကို မေ့မရ။ ပွင့်လင်းရာသီ ဘုရားပွဲများတွင် စင်တင်တေးဂီတပွဲများ ကျင်းပလာကြသည်။ ထိုပွဲများကို မကြည့်ဖူးသော်လည်း ရုပ်မြင်သံကြားတွင် အဆိုတော်များ၏ တေးဂီတအစီအစဉ်ကို အမြဲစောင့်ကြည့်ခဲ့ဖူးသည်။ မြန်မာ့ရုပ်မြင်သံကြား၏ စည်းကမ်းချက်အတိုင်း သီချင်းဆိုစဉ် အဆိုတော်များ တေးသွားနှင့်အညီ စည်းချက်နှင့်အညီ လှုပ်ရှား ကခုန်ခြင်း မပြုရပါ။ မတ်မတ်ရပ်လျှက်က ငြိမ်သက်စွာ သီဆိုကြရလေ၏။ ယခုအချိန်ပြန်ကြည့်လျှင် အနည်းငယ်တော့ ရယ်စရာကောင်းပါသည်။
ဒုတိယ ဆယ်စုနှစ် နှောင်းပိုင်းကာလတွင် ကျွန်မ စက်မှုတက္ကသိုလ်ကျောင်းသူ ဖြစ်လာခဲ့သည်။ ရန်ကုန်သည် အနည်းငယ်ပိုမို ရှုပ်ထွေးလာသော်လည်း ကျွန်မမျက်စိထဲတွင်တော့ ချစ်မက်ဖွယ်ရာ လှပနေမြဲဖြစ်သည်။ ဇွန်လ ကျောင်းဖွင့်ရက်သည် မိုးရေစက်တို့နှင့်အတူ စိမ်းလန်းအေးမြစွာ ရောက်လာလေ့ရှိပြီး နွေရာသီတွင် ကံ့ကော်ပန်းများ စိန်ပန်းများနှင့် ပိတောက်ပန်းများလည်း အချိန်မှန်ပွင့်ကြသည်။ "ရာသီမသိ ပန်းနှင့်ညှိ" ဆိုသလို အမှန်တကယ်ညှိ၍ ရခဲ့သော အချိန်ကာလများလည်း ဖြစ်ပါသည်။ ဆောင်းရာသီ မနက်စောစောတွင် နှင်းငွေ့များဖြင့် ပိတ်သည်း မှုန်ရီနေတတ်ပြီး ညနေခင်းများမှာ နေဝင်ချိန်စောကာ မှောင်ရိပ်သန်း၍ ဆောင်းပီသခဲ့သည်။
အင်းစိန် ကြို့ကုန်းတွင်တက်ရသော စက်မှုတက္ကသိုလ် ကျောင်းသူဘဝတွင် ဗိုလ်ချုပ်ဈေးကို မရောက်ဖြစ်တော့ပဲ ကျောင်းသွား ကျောင်းပြန် လှည်းတန်းဈေးကို ပိုမို ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ လှည်းတန်းဈေးနှင့် အနီးတဝိုက်သည် အခုကဲ့သို့ မရှုပ်ထွေး၊ တက္ကသိုလ် ကျောင်းသားကျောင်းသူတို့၏ ခြေရာများဖြင့် ရိုးရှင်းတည်တံ့ကာ အေးအေးချမ်းချမ်း သာသာယာယာ ရှိလှသည်။ လှည်းတန်းဈေးထဲမှ တင့်တင့်ထွန်းတို့ ညီအမတတွေ ဖွင့်ထားသော မိန်းကလေးအသုံးအဆောင် ဆံညှပ်များ ဖဲပြားများ ရောင်းချသောဆိုင်မှာ ကျွန်မတို့သူငယ်ချင်းတစ်စု မကြာခဏ သွားရောက် မွှေနှောက်လေ့ရှိသည်။ အင်းလျားကန်ဘောင်တလျှောက်မှ အကြော်ဆိုင်တန်းလေးများ၊ လှည်းကလေးနဲ့ ဒိန်ချဉ်သည်၊ တက္ကသိုလ်ဓမ္မာရုံရှေ့မှ ပုစွန်ခွက်ကြော်သုပ်၊ လှည်းတန်းဈေးထဲမှ အသုပ်စုံ၊ ဆကာကြီး မုန့်ဟင်းခါး စသည့် စားကောင်းသောက်ဖွယ်များ၊ ရတနာထွန်းစတိုးဆိုင် ဂိုးရှိုး စတိုးဆိုင် စသည်တို့ဖြင့် စည်ကား လှပသော လှည်းတန်း ဖြစ်ပါသည်။ ထိုကာလများတွင် မြို့လည်ရုပ်ရှင်ရုံများဖက်သို့ ခြေဦးမလှည့်ဖြစ်တော့ပဲ မြေနီကုန်းမှ ရုပ်ရှင်ရုံများတွင် သူငယ်ချင်းများနှင့် ရုပ်ရှင်သွားကြည့်တတ်လာသည်။ ပင်မတက္ကသိုလ်သို့ မရောက်ဖြစ်သော်လည်း ရွယ်တူသူငယ်ချင်းများရှိရာ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (အာစီ တူး) ကို မကြာ မကြာ သွားရောက် လည်ပတ်တတ်လာခဲ့သည်။ ထိုစဉ်က စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူများ နေထိုင်ရာ ဒူးယား ခပေါင်း သဇင်ဆောင်များမှာ ထိုလှိုင်နယ်မြေထဲတွင် တည်ရှိ၏။
၁၉၈၈ ခုနှစ် စက်မှုတက္ကသိုလ် ကျောင်းသားအရေးအခင်းမှ စတင်လိုက်သော အစိုးရ ဆန့်ကျင်မှုများ၊ ဆန္ဒပြမှုများတွင် ရန်ကုန်သည် အချက်အချာကျသောနေရာ ဖြစ်ခဲ့သည်။ အစိုးရမှ ပစ်ခတ်နှိမ်နင်းမှုများကြောင့် ရန်ကုန်၏ လမ်းမများတွင် သွေးမြေကျခဲ့သည်။ ကျောင်းသား ပြည်သူ ရဟန်းရှင်လူပေါင်း များစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ကျောင်းများ၊ တက္ကသိုလ်များ ရက်ရှည်ပိတ်လိုက်သောကြောင့် ကျွန်မတို့၏ ကျောင်းသားဘဝသည်လည်း လိုအပ်သည်ထက် များစွာ ပိုမို ရှည်လျားသွားခဲ့တော့သည်။
(၃)
တတိယ ဆယ်စုနှစ် အစောပိုင်းကာလများတွင် ရန်ကုန်သည် ကြိုးစားနိုးထလာသော်လည်း အတန်ငယ် ခြောက်သွေ့နေမြဲ။ ကျောင်းများ တက္ကသိုလ်များ သံတံခါး အထပ်ထပ် ပိတ်ထားမြဲ။ ဆရာ ဆရာမများ စာသင်ခန်းထဲတွင် မနေရ၊ စာမသင်ရပဲ ကျောင်းတံခါးစောင့် အလုပ်များ၊ လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေရမြဲ၊ အချို့နေရာများတွင် ညမထွက်ရ အမိန့် ရှိနေမြဲ။ အထင်ကရ နေရာအတော်များများတွင် အစောင့်အကြပ်များဖြင့် တားဆီးကာရံထားမြဲ ဖြစ်သည်။ ကျွန်မတို့၏ လှပ၍ တက်ကြွလန်းဆန်းသော လူငယ်ဘဝ အဖိုးတန် နေ့ရက် အချိန်နာရီများကို ကျောင်းပြန်တက်ခွင့်ရရန် မျှော်လင့်စောင့်စားရင်းဖြင့် ကုန်လွန်စေခဲ့ရသည်။
ထင်မှတ်မထားသော တစ်ရက်တွင် တက္ကသိုလ်များ၊ ကျောင်းများပြန်ဖွင့်ခဲ့သော်လည်း ကျောင်းတက်ရန် အချိန်ဇယားများကိုမူ တတ်နိုင်သမျှ တိုအောင် ချုံ့ပစ်လိုက်ကြသည်။ တစ်နှစ်စာ သင်ခန်းစာများကို ခြောက်လနှင့်အပြီး တက်သုတ်ရိုက် သင်ကြားကြရသည်။ ကျောင်းမှာ သင်ရုံဖြင့် မလုံလောက်သောကြောင့် ကျွန်မတို့ ဘာသာစုံနီးပါး ကျူရှင် တက်ရသည်။ ကျောင်းသားတိုင်းစိတ်ထဲတွင် ကျောင်းသင်ခန်းစာများ အမြန်ဆုံးခန်းတိုင်ကာ ဘွဲ့တစ်ခု ရဖို့အရေးက အရာအားလုံးထက် အရေးကြီးနေခဲ့သည်။
ထို့အပြင် တစ်ခါမှ မကြားစဖူး… စာမေးပွဲမေးခွန်း အရောင်းအဝယ်သာမက အမှတ် အရောင်းအဝယ်ကိစ္စများလည်း ကြားလာရသည်။ အမှတ်တစ်မှတ်ကို နှစ်ထောင်ကျပ် ဈေးပေါက်ခဲ့သည်။ ထိုစဉ်က အင်ဂျင်နီယာကျောင်းဆင်းများ နိုင်ငံခြားပိုင် ပုဂ္ဂလိက ကုမ္ပဏီများတွင် အလုပ်စဝင်ချိန် လခမှာ တစ်သောင်းခန့်ဖြစ်ပြီး သစ်လွင်လှပသော နစ်ဆန်း ဆန်နီ စူပါဆလွန်းတစ်စင်း၏ တန်ဖိုးမှာ လေးသိန်းပင် မပြည့်သောအချိန်ဖြစ်သည်။ ငွေကြေးချမ်းသာသူများ ပညာကို ငွေဖြင့် စိတ်ကြိုက် ဝယ်ယူနိုင်သော ခေတ် ဖြစ်ခဲ့သည်။ လူတို့၏ စိတ်နေစိတ်ထားများ အကျင့်စာရိတ္တများ ဘက်ပေါင်းစုံမှ ယိုင်နဲ့ကုန်ကြသည်။ အဆက်အသွယ်ကောင်းသော ကျောထောက်နောက်ခံရှိသော သူငယ်ချင်းများ ပြည်ပသို့ သွားရောက် ပညာသင်ကြသည်။ အချို့သူငယ်ချင်းများ ကျောင်းစာသင်ခန်းကို စွန့်ကာ စီးပွားရေးလောကထဲသို့ ရောက်ကုန်ကြသည်။ တစတစ နိုးထစပြုလာသော ရန်ကုန်နှင့်အတူ ရန်ကုန်လမ်းမများပေါ်တွင် မော်တော်ယာဉ်များ လိုအပ်သည်ထက် ပိုမို ရှုတ်ထွေးလာကြသည်။ အချက်ပေးဟွန်းသံများ ကျယ်လောင်လာကာ ယာဉ်ကြောပိတ်ဆို့မှုများလည်း များပြားလာခဲ့သည်။ ထို့အတူ လူအများ၏ စိတ်နေစိတ်ထားတို့သည်လည်း ရှုတ်ထွေးလာကြ၏။ ရန်ကုန်၏ ဆောင်းသည် အအေးဓါတ် နည်းပါးလာသည်။ နွေညများသည် ထင်မထားလောက်အောင် အပူရှိန် ပြင်းလာပြီး မိုးအဝင် နောက်ကျခဲ့သည်။ ပိတောက်ပန်းများ ပွင့်ချိန်လွန်ခဲ့သည်။ မြင့်တက်လာသော အပူရှိန်နှင့် အလာနောက်ကျသော မိုးကြောင့် အင်းလေးကန် ရေခမ်းသည်။ လောပီတမှ မီးအား အပြည့် ထုတ်မပေးနိုင်တော့သောအခါ ရန်ကုန်မြို့တွင် လျှပ်စစ်မီး မှန်မှန် မရတော့ပါ။ မတတ်နိုင်သူများ ဖယောင်းတိုင်မီးထွန်း၍ တတ်နိုင်သူများက မီးစက်များ ဝယ်ယူတပ်ဆင်ကြရ၏။ ငယ်စဉ်က မြင်ခဲ့ရသော် ချိုးဖြူ ရေပိုက်လုံးကြီးထဲတွင် ရေမရှိတော့ပြီထင့်… ရန်ကုန်တွင် ရေလည်း မှန်မှန် မရတော့ပါ။ အဝီစိတွင်းများ အပြိုင်အဆိုင် တူးဖေါ်ကြရ၏။ မီးလာချိန်တွင် အလုအယက် ရေတင်ရသော ယဉ်ကျေးမှု စတင်ထွန်းကား၏။ ချစ်သော ရန်ကုန်သည် မလိုအပ်ပါပဲ ဆူညံ ပူလောင်လာခဲ့ပြီ။
တစ်ဆက်တည်းမှာပင် ရန်ကုန်မြို့သာမက နိုင်ငံတနံတလျား လူနေမှုစရိတ်များ ကုန်ဈေးနှုန်းများ အစစ အရာရာ ကြီးမြင့်လာခဲ့သည်။ မိသားစုများ စားဝတ်နေရေး ကြပ်တည်းလာကြသည်။ ဒုစရိုက်မှုများ များပြားလာခဲ့သည်။ လူသားအချင်းချင်း သူ့ထက်ငါ အလုအယက်အနိုင်ယူ ကျော်လွှားချင်လာကြသည်။ ချစ်ခြင်းမေတ္တာများ မှိန်ဖျော့ပါးလျခဲ့သည်။ နားမျက်စိ အတန်ငယ်ပွင့်သည်ဟု ဆိုရမည်လား... ပြည်ပနှင့် ကူးလူးဆက်သွယ်မှု ပိုမို မျာပြားလာခဲ့သည်။ ခေတ်မီတိုးတက်သော ရုပ်ဝတ္ထုပစ္စည်းများနောက်ကို မမီမကမ်း ကြိုးစား လိုက်ပါကြရ၏။ ရုပ်ဝတ္ထုပစ္စည်းများ အတန်အသင့် ပြည့်စုံလာသော်လည်း မိသားစုဘဝများက အရင်ကလို ပျော်ရွှင်စရာ သိပ်မကောင်းလှတော့ချေ။ လသာသောညများတွင် မိသားစု စုံလင်သော စကားဝိုင်းများကို ညကိုးနာရီခွဲ သတင်းအပြီး ပြသသော ရုပ်မြင်ဇာတ်လမ်းတွဲများနှင့် အစားထိုးဖြစ်ကြသည်။ ညစာစားအပြီး အညောင်းအညာပြေ လမ်းလျှောက်ချိန်များကို တရုတ်တန်းဖက်သို့ ကားမောင်းကာ ဝက်သားတုတ်ထိုးစားရင်း၊ အအေးသောက်ရင်း၊ ဗီဒီယို အခွေငှားရင်း ဈေးဝယ်ရင်းဖြင့် ကုန်လွန်ဖြစ်ကြသည်။ ရန်ကုန်သည် တိုးတက်လာသည်လား ဆုတ်ယုတ်သွားသည်လား ကျွန်မအတွက် ရေရာသော အဖြေမရှိပါ။ ထိုအချိန်တွင် ပန်းဆိုးတန်း နိုင်ငံကူးလက်မှတ် ထုတ်ပေးသောရုံး၊ ဘားလမ်းမှ နိုင်ငံခြားငွေကြေး လဲလှယ်သောရုံး၊ ဘွဲ့လက်မှတ်များကို ဘာသာပြန်သောရုံးလို နေရာများတွင် လူကြီး လူငယ်များဖြင့် တိုးမပေါက်အောင် စည်ကားခဲ့ပါသည်။ အစိုးရကတော့ "ပြည်ပအားကိုး ပုဆိန်ရိုး" ဟူသော ဆောင်ပုဒ်ကို နိုင်ငံပိုင် သတင်းစာမျက်နှာဖုံးတွင် နေ့စဉ် နေ့တိုင်းဖေါ်ပြနေခဲ့သည်။
ထိုကာလ ရန်ကုန်တွင် အင်္ဂလိပ်စာ အရေးအပြော သင်တန်း၊ ကွန်ပျူတာ သင်တန်း၊ စာရင်းကိုင်သင်တန်းများမှ အစ ထမင်းချက် ဟင်းချက်သင်တန်း၊ မုန့်လုပ်သင်တန်းများ အဆုံး သင်တန်းပေါင်းစုံ ထွန်းကားသည်။ သင်တန်းတိုင်းလည်း လူပြည့်သည်။ စားသောက်ဆိုင်များ၊ ဘီယာဆိုင်များတွင် ကာရာအိုကေ ဆိုကြပြီး ပန်းကုံးစွပ် ယဉ်ကျေးမှု စတင်ထွန်းကားသည်။ ရွှေတိဂုံဘုရားကို စက်လှေခါး ဓါတ်လှေခါးတို့ဖြင့် တက်နိုင်ပြီ။ "မောင်မယ်အတူ တောင်ဖက်မုဒ်က လှေခါးထစ်တွေ တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့..." ဆိုသည်မှာ သီချင်းအဖြစ် သီဆိုရုံသာ ကျန်ရစ်တော့သည်။ ရန်ကုန်သည် နေရာတိုင်းတွင် အရင်စလို ဖြစ်နေခဲ့သည်။ ဂုံးကျော်တံတားများ၊ ခေတ်မီတိုက်တာများ၊ ဟိုတယ်ကြီးများ၊ နိုင်ငံတကာအဆင့်မီ စတိုးဆိုင်ကြီးများ၊ အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းသော အဝတ်အထည်များ၊ အသုံးအဆောင်များ၊ တစ်ပတ်ရစ်ကားများဖြင့် ရန်ကုန်သည် အနည်းငယ် လင်းလက်လာသယောင် ထင်ရသည်။ သို့သော် ယခင် ဆယ်စုနှစ်များတုန်းကလို အေးချမ်းမှုများ ရှာမရတော့ချေ။ ရန်ကုန်၏ အပူချိန် ဒီကရီမှာ တရိပ်ရိပ်... မြင့်သည်ထက် မြင့်တက်လာခဲ့ပြီဖြစ်သည်။
(၄)
သည်လိုနှင့် ရေကြည်ရာ မြက်နုရာကို ရှာဖွေခဲ့သည်လား၊ ကိုယ့်အတ္တကို ကိုယ် ရှေ့တန်းတင်ခဲ့သည်လား၊ အလိုဆန္ဒကို ဦးစားပေးခဲ့သည်လား၊ ကျွန်မက ထိုအရာများကို ရွေးချယ်ယူခဲ့သည်လား ထိုအရာများက ကျွန်မကို ရွေးချယ်ယူသွားသည်လား… တပ်တပ်အပ်အပ် မပြောနိုင်သော်လည်း ကျွန်မ၏ တတိယ ဆယ်စုနှစ်နှောင်းပိုင်းကာလများတွင် ချစ်သော ရန်ကုန်ကို စွန့်ခွာရန် အကြောင်းဖန်လာခဲ့တော့သည်။ နေရာဒေသ အသစ်တစ်ခု၏ ဖမ်းစားမှုနှင့် မတူညီသော ယဉ်ကျေးမှု၊ နေထိုင်ဆက်ဆံမှု အပြောင်းအလဲများကြားတွင် ကိုယ့်ကိုယ်ကိုယ် အခြေခိုင်ခိုင် ရပ်တည်နိုင်အောင် ကြိုးစားရင်း ရန်ကုန်နှင့် ကျွန်မ အလှမ်းဝေးခဲ့ရသည်။ သို့သော် ရန်ကုန်သတင်းများကိုမူ ကြားနိုင်သလောက် နားစွင့်နေခဲ့မြဲ။ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်းတို့က ရန်ကုန်ကို အရုပ်ဆိုးအောင် ဒုက္ခပေးခဲ့ကြပြန်သည်။ ထိုအချိန်များတွင် ချစ်သောရန်ကုန်ကို စိတ်မကောင်းစွာ ငေးကြည့်ရင်း ကျွန်မ တတ်စွမ်းသည့်ဖက်မှ ဖြည့်ဆည်း ကူညီခဲ့ပါသည်။ ရပ်ဝေးတစ်နေရာမှ ကျွန်မကို ချစ်သော ရန်ကုန်က ခွင့်လွှတ်နားလည်ပေးလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။
သည်လိုနှင့် နောက်ထပ် ဆယ်စုနှစ်တစ်ခု အလွန်တွင် ရန်ကုန်ကို ကျွန်မ ပြန်ကြည့်ဖြစ်ခဲ့သည်။ အစစ အရာရာ တိုးတက် ပြောင်းလဲနေပြီဖြစ်သော ရန်ကုန်သည် ကျွန်မကို မင်္ဂလာဒုံလေဆိပ်မှ စတင်ကာ ခပ်စိမ်းစိမ်း ကြိုဆိုလေသည်။ ကျွန်မ ရန်ကုန်တွင် နေထိုင်ခွင့်ရှိသော နေ့ရက်များအတွင်း ကိုယ်တိုင်နှစ်သုံးဆယ်နီးပါး သိကျွမ်းရင်းနှီး ချစ်ခင်ခဲ့ဖူးသော ငယ်ချစ် ရန်ကုန်ကို လိုက်လံရှာဖွေမိသည်။ သို့သော် ချစ်သောရန်ကုန်သည် ရွှေတိဂုံမှလွဲလျှင် ရန်ကုန် မဟုတ်တော့ချေ၊ မြင်ရ တွေ့ရသမျှ အရာအားလုံးသည် မည်သို့မျှ မနှိုင်းယှဉ်သာအောင် တိတိပပ ပြောင်းလဲခဲ့ပြီ။ အပြောင်းအလဲများလှသော ရန်ကုန်မြို့ကြီးထဲမှ ရန်ကုန်သည် ကျွန်မအတွက်တော့ အစိမ်းသက်သက်။ နောက်ပိုင်း အခါအခွင့်သင့်သလို နှစ်နှစ် တစ်ကြိမ်၊ သုံးနှစ် တစ်ကြိမ် ပြန်ရောက်ဖြစ်သောအခါတိုင်းလည်း ရန်ကုန်သည် ကျွန်မအတွက် စိမ်းမြမြဲ စိမ်းမြနေဆဲ။ တစ်ကြိမ်တစ်ခါမှ မသိခဲ့ဖူးသူ တစ်ယောက်လို ဖြစ်နေမြဲ။ ကျွန်မကလည်း ကျွန်မ သိခဲ့ဖူးသော၊ ကျွန်မ ချစ်ခဲ့ဖူးသော ရန်ကုန်ကို (ခေါင်းမာမာဖြင့်) မျှော်လင့်တကြီး လိုက်လံ ရှာဖွေနေခဲ့မြဲ။ အကျွမ်းတဝင်ရှိခဲ့ဘူးသော ရန်ကုန် - ကျွန်မဘဝထဲက (အပြီးတိုင်) ဝေးကွာ ပျောက်ဆုံးသွားခဲ့ပြီ ဆိုသည်ကို လက်မခံနိုင်သေးသ၍ နောက်နောင်တွင်လည်း ကျွန်မ ချစ်သော ရန်ကုန်ကို အစဉ်အမြဲ လိုက်လံရှာဖွေဖြစ်နေဦးမည်သာ။
သက်ဝေ
(၃ ဇွန် ၂၀၁၉)
- မေတ္တာပေါင်းကူးစာပေမှ ထုတ်ဝေသော "ရန်ကုန်အက်ဆေး" စာအုပ်တွင် ဖေါ်ပြပါရှိပြီး ဖြစ်သည်။
Wednesday, April 8, 2020
လင်းခါး - ရေသေအိုင်
Saturday, March 14, 2020
မိသားစု ထမင်းဝိုင်း
Friday, March 13, 2020
ကောင်းကင်ခရီး
ပွဲတော်ည...
ညက တိတိပပ အမှောင်ကျနေခဲ့ချိန်... ဆူညံသံတစ်ချို့၊ ရင်းနှီးနေတဲ့ တေးသွားတစ်ချို့နဲ့ ပျော်ရွှင်မှုတစ်ချို့ဟာ မလှမ်းမကမ်း ပွဲခင်းထဲကနေ အပြင်ဖက်ကို ဖိတ်လျှံနေခဲ့တယ်။ ဟိုးမှာမြင်နေရတဲ့ မီးတိုင်တွေဆီက အလင်းစက်ငယ်လေးတွေဟာ ကြယ်ပွင့်လေးတွေလိုပဲ လင်းတစ်ခါ မှိန်တစ်လှည့်နဲ့။ အဲဒီညထဲမှာ အများသူငါတွေနဲ့အတူ ပျော်ရွှင်ရယ်မောဖို့ ရောက်လာတဲ့ အရိပ်နှစ်ခုရဲ့ ဦးတည်ရာကတော့ ဝေဝေဝါးဝါး။ ကောင်းကင်ပေါ်က ကြယ်လေးတွေကို အတူတူ ရေတွက်ကြည့်ကြဖို့၊ ကြယ်ကြွေချိန်မှာ အတူတူ ဆုတောင်းကြဖို့ ဆိုတဲ့ စိတ်ကူးတွေမှာ သူတို့မှာ ရှိမနေဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ဒါပေမယ့် ဝန်းကျင်တစ်ခုလုံးက လိုတာထက်ပိုပြီး လင်းလက်လွန်းတော့ ကြယ်ပွင့်တွေကို မမြင်ရဘူး။ ဒီလိုနဲ့ပဲ ဆန္ဒတစ်ချို့နဲ့ မတောင်းဖြစ်လိုက်တဲ့ ဆုတောင်းတွေကို ရင်ထဲမှာ တိတ်တဆိတ် ပြန်သိမ်းထားလိုက်ရတယ်။ အလင်းစက်တွေကို ရှောင်ရှား၊ ဆူညံသံတွေကို ဆန့်ကျင်ပြီး လူတွေနဲ့ ဝေးရာကို ဦးတည်ချင်နေတဲ့ ခြေလှမ်းတွေကိုလည်း (တိုင်ပင်စရာမလိုပဲ) အလိုက်တသိ ရုတ်သိမ်းရင်း အနောက်ကို ပြန်လှည့်ခဲ့ကြတယ်။ ဝမ်းနည်းစရာကောင်းတာပေါ့နော်။ အဲဒီနောက်မှာတော့ မြူးကြွနေတဲ့ ဂီတသံတွေ၊ အပျော်သံတွေနဲ့ လိုအပ်တာထက် ပိုလင်းနေတဲ့ အလင်းထုရဲ့အောက်ထဲကို (တစ်ယောက်နဲ့တစ်ယောက် စကား မဆိုဖြစ်တော့ပဲ) တရွေ့ရွေ့ တိုးဝင်သွားလိုက်ကြတယ်။ နီးနီးလေးမှာ အတူတူရှိနေပါရက်နဲ့ အများကြီး လွမ်းနေခဲ့ရတဲ့ အခိုက်အတံ့ငယ်တစ်ခုပါပဲ။ လမ်းတလျောက် မျက်နှာချင်းဆိုင် မြင်တွေ့သမျှသူတိုင်းကို အရယ်အပြုံးမပျက် နှုတ်ဆက်စကားဆိုရင်း ပွဲခင်းထဲကို ရောက်သွားတော့ ပျားပန်းခတ် လှုပ်ရှားနေတဲ့ လူတွေကြားမှာ အရိပ်နှစ်ခုဟာ တကွဲစီဖြစ်သွားခဲ့တယ်။ တစ်ယောက်ကို တစ်ယောက်က ရှာလို့မတွေ့နိုင်တော့ဘူး။ ရှာလည်း မရှာဖြစ်ကြတော့ဘူး... ပွဲတော်ညရဲ့ နိဂုံးဟာ အဲဒီလို။
အတွေးတွေထဲမှာ မြင်ယောင်ရင်း သတိတရ လွမ်းတမ်းတတဲ့စိတ်တွေ ဖိတ်လျှံကျလာခဲ့တယ်။ ဝမ်းနည်းစိတ်တွေဟာ နှလုံးခုန်သံကို အကြောင်းမဲ့ မြန်ဆန်လာစေခဲ့ပြန်တယ်။ မဖြစ်သေးပါဘူး ဆိုပြီး တွေးလက်စနေရာကို ခဲရာခဲဆစ် ကျော်လွှားပစ်ရပြန်တယ်။ ထားခဲ့လိုက်မယ်လေ... အဲဒီစိတ်အတွေးကို ဒီနေရာအထိ ခေါ်လာလို့ မရဘူး၊ ခေါ်လာခဲ့ဖို့လည်း မကောင်းဘူး မဟုတ်လား။
ဘာတွေးရရင် ကောင်းမလဲ… ကိုယ်သွားခဲ့ဖူးတဲ့ ခရီးစဉ်တွေ အကြောင်းနဲ့ အဲဒီ နေရာဒေသတွေက နာမည်ကျော် စားစရာတွေအကြောင်းဆီကို စိတ်ကို ပို့လွှတ် ကြည့်တယ်။ မဆိုစလောက်တော့ ပျော်ရွှင်လန်းဆန်းလာသလိုပါပဲ။ တစ်ထိုင်တည်း နေရာအနှံ့ ရောက်သွားပြီး စားစရာတွေ မြည်းစမ်းကြည့်လိုက်ရတာ ပျော်မယ်ဆို ပျော်ချင်စရာ။
အဲဒီတုန်းမှာ ဘေးနားမှာ နည်းနည်း လှုပ်လှုပ်ရှားရှားဖြစ်သွားတာကို သိလိုက်တယ်။ ကပ်လျက်ခုံမှာ ခရီးသည် တစ်ယောက်ယောက် လာထိုင်တာပဲ ဖြစ်မှာပေါ့။ ခါတိုင်းလိုဆို ကိုယ့်ဘေးနားအတူထိုင်ပြီး တစ်ခရီးတည်း သွားရမယ့်သူကို ကိုယ် သိပ်စိတ်ဝင်စားတတ်တယ်။ အထူးသဖြင့် နာရီပေါင်းများစွာ စီးရမယ့် ခရီးစဉ်မျိုးမှာပေါ့။ ကိုယ်နဲ့ လမ်းခရီးတလျောက် အတူသွားရမယ့်သူဟာ ယောက်ျားလား မိန်းမလား၊ ဖြူသလား မည်းသလား၊ ပိန်သလား ဝသလား၊ ကြီးသလား ငယ်သလား၊ တစ်ယောက်တည်းလား အဖေါ်နဲ့လား၊ ကလေးငယ် ပါသလား ဆိုတာမျိုးက စလို့ စာအုပ်တစ်အုပ်တလေ ကိုင်ဆောင်လာသလား ငြိမ်ငြိမ်သက်သက် စာဖတ်နေမယ့်သူမျိုးလား၊ လက်ပ်တော့တစ်လုံးဖွင့်ပြီး တချောက်ချောက်နဲ့ တစ်လမ်းလုံး အလုပ်လုပ်နေမယ့်သူမျိုးလား၊ အငြိမ်မနေပဲ တလှုပ်လှုပ်နဲ့ ထိုင်လိုက် ထလိုက်၊ ရေတောင်းသောက်လိုက် စားစရာတောင်းလိုက် ဒါမှမဟုတ် ဘီယာတွေ ဝိုင်တွေ တစ်ခွက်ပြီးတစ်ခွက် တောင်းသောက်ရင်း ခရီးတစ်လျောက် မူးမူးမိန်းမိန်း ဖြစ်နေမယ့်သူမျိုးလား၊ တစ်လမ်းလုံး မိတ်ကပ်ဘူးဖွင့်ပြီး အလှပြင်နေတတ်၊ လက်သည်းနီဆိုးနေတတ်တဲ့ အမျိုးသမီးတစ်ယောက်များလား၊ ရှေ့က တီဗီစခရင် သေးသေးလေးက ရုပ်ရှင်တွေကို တစ်ကားပြီး တစ်ကား ဆက်တိုက် ကြည့်နေမယ့်သူလား၊ တစ်လမ်းလုံး အိပ်မောကျပြီး အသက်ရှူသံပြင်းပြင်းနဲ့ ဟောက်နေတတ်တဲ့သူမျိုးလား... ဖြစ်နိုင်ခြေတွေဟာ များပြားသလောက် အင်မတန်လည်း စိတ်ဝင်စားစရာကောင်းလှတယ်။
လေယာဉ်ပေါ်ရောက်ပြီး ကိုယ့်နေရာမှာ နေသားတကျ ထိုင်ပြီးတာနဲ့ ဘေးကို ရောက်လာတဲ့သူကို မျက်လုံးထောင့်စွန်းကနေ မြင်ရသမျှ ကြည့်ပြီး တစ်ထိုင်တည်း ခပ်မြန်မြန် အကဲခတ်ရတယ်။ ကိုယ့်စိတ်ထဲ အကဲခတ်ရင်း တွေးထားတာနဲ့ ခရီးစဉ်တလျောက် သူ ပြုမူနေတာတွေနဲ့ ကိုက်ညီရင် တယ်ဟုတ်တဲ့ ငါပါလား လို့ စိတ်ကြီးဝင်ရသလို မှန်းချက်နဲ့ တလွဲတချော်တွေ ဖြစ်တဲ့ အခါမျိုးကျတော့ ခေါင်းကို တွင်တွင်ခါရင်း စိတ်ပျက်လက်ပျက် ရယ်မောနေရတယ်၊ နေရာပြောင်းလို့ ရတဲ့အခါဆို ပြောင်းထိုင်၊ မရတဲ့ အခါတော့လည်း မတတ်သာ ဒီလိုပဲ သည်းခံရပြန်တယ်။ တစ်ခရီးတည်း သွားသူတွေ တစ်နေရာတည်းကို ရည်ရွယ်သူတွေ မဟုတ်လား... ဒါပေမယ့် အခုခရီးကတော့ သုံးနာရီ ကျော်ကျော်ရယ်။ ပြီးတော့ အနားမှာ ဘယ်သူလာလာ အရေးစိုက်ချင်စိတ်မရှိလောက်အောင် ကိုယ့်စိတ်တွေက ညောင်းညာ ကိုက်ခဲနေခဲ့ချိန်။ မျက်စိကို ဖွင့်မကြည့်ချင်တာနဲ့ ဒီတိုင်းပဲ ဆက်နေလိုက်တယ်။ ဘယ်လိုလူ ဖြစ်ဖြစ်ကွာ... လာချင်တဲ့သူသာ လာပါတော့။
ဒါပေမယ့် ထင်သလောက်တော့ ဆိုးပုံမရဘူး။ ဘေးနားမှာ ငြိမ်ငြိမ်သက်သက်ပဲ ဝင်ထိုင်လိုက်တယ်၊ ပြီးတော့ ထိုင်ခုံ ခါးပတ် ပတ်တဲ့ အသံကို ကြားလိုက်တယ်… ညင်ညင်သာသာပဲ။ ရေမွှေးနံ့ ဘာညာ ဘာမှ မရပုံထောက်ရင် အမျိုးသားတစ်ယောက် ဖြစ်နိုင်တယ်လို့ ယူဆမိတယ်။ မျက်လုံးတစ်ချက်ဖွင့်ကြည့်လိုက်ရင် အဖြူအမည်း သဲသဲကွဲကွဲ သိရမယ့်ကိစ္စကို မျက်မမြင်တစ်ယောက်လို ဒီတိုင်း မှန်းကြည့်နေမိတာ တော်တော်တော့ ပေတိပေတေ နိုင်လှတယ်နော်။ ကိုယ့်ကိုယ်ကိုယ် သဘောကျပြီး ရယ်ချင်သွားတယ်။
တစ်ဖက်မှာလည်း ဘေးကလူက ခရီးစဉ် မစရသေးခင်မှာတင် ဘေးနံရံကို ခေါင်းထိုးမှီပြီး မျက်စိစုံမှိတ်လို့ လျော့တိလျော့ရဲ ထိုင်နေတဲ့ မိန်းကလေး ခရီးသွားတစ်ယောက်ကို မြင်လိုက်ရချိန်မှာ စိတ်ပျက်လက်ပျက်များ ဖြစ်နေမလား မသိ လို့ တွေးလိုက်တော့ ပိုပြီး ရယ်ချင်သွားတယ်။ မတတ်နိုင်ဘူး စိတ်တွေ သက်သာရာ မရဖြစ်နေချိန်မှာ လူသက်သာဖို့ အရေးကြီးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ... လေယာဉ်တက်ပြီး ခါးပတ်ဖြုတ်လို့ရပြီ၊ သက်တောင့်သက်သာ အနေအထား ဖြစ်သွားပြီ ဆိုရင်တော့ ကိုယ်နဲ့ တစ်ခရီးတည်း သွားရမယ့်သူကို တစ်ချက်တော့ ပြုံးပြ နှုတ်ဆက်ဖို့ စိတ်ကူးထားပါတယ်။
လေယာဉ် အင်ဂျင်သံက တဖြည်းဖြည်း အရှိန်မြင့်လာတယ်။ လေယာဉ်စီးတိုင်း ပြုနေကျ... ဘုရားကို ခဏ အာရုံပြုတယ်။ လေယာဉ်မယ်လေးက ခုံတွေ မတ်မတ်ထားဖို့၊ ပြတင်းတံခါးတွေ ဖွင့်ထားဖို့နဲ့ ခါးပတ်ကို သေသေချာချာ ပတ်ထားဖို့ ကြေငြာတယ်။ နာရီကြည့်မလို့ အလုပ်မှာ လေယာဉ်မယ်လေးက ဒီက ဒေသစံတော်ချိန် တစ်နာရီခွဲ၊ အပူချိန် သုံးဆယ့်နှစ် ဒီဂရီ ဖာရင်ဟိုက် ပါ လို့ ကြေငြာတယ်။ ဒါနဲ့ နာရီကြည့်ဖို့ မျက်လုံး မဖွင့်ဖြစ်တော့ပြန်ဘူး...
လေယာဉ်ပျံဟာ ပြေးလမ်းကနေ အရှိန်ယူရင်း ဦးမော့ပြီး သိမ့်ကနဲ ထိုးတက်သွားတယ်။ ရင်ထဲမှာ လစ်ဟာ သွားတယ်။ ပိုဝေးသွားပြီ မဟုတ်လား။ ဘဝမှာ ကိုယ်အကြိုက်ဆုံး အနှစ်သက်ဆုံး အခိုက်အတံ့ တစ်ခုကို ပြပါဆို အဲဒီလို လေယာဉ်တက်တဲ့ အချိန်ကို ပြရမှာပဲ။ ဒီတစ်ခါတော့ သိပ်ကြိုက်ပါတယ် ဆိုတဲ့ လေယာဉ်တက်ချိန်ကတောင် ကိုယ့်ကို နည်းနည်းမှ လှုပ်ရှားစေခဲ့ဘူး။ နှလုံးသားဟာ အတော်ကို အေးစက် မာကျောနေခဲ့ပုံပါပဲ။ လေယာဉ်ဟာ တဖြည်းဖြည်း အရှိန်ယူရင်း မြင့်သည်ထက် မြင့်တဲ့ နေရာဆီကို တိုးဝင်သွားနေမှန်း သိနေတယ်။ နားထဲမှာ အသံတွေ ဝေဝါးသွားတယ်... ဒါ လေထုရဲ့ဖိအား အပြောင်းအလဲကြောင့် နားအူလာတာပဲ။ တဒုတ်ဒုတ်နဲ့ သွေးခုန်နှုန်း မြန်လာတာကို သိသိသာသာခံစားရတယ်။ နားထင်ကို လက်နဲ့ ထောက်ပြီး ခန္ဓာကိုယ်ကို နည်းနည်း မတ်မတ် ပြင်ထိုင်လိုက်တယ်။
ရုတ်တရက်...
ရုတ်တရက် နားထင်ကို ထောက်ထားတဲ့ ကိုယ့်လက်ချောင်းအေးစက်စက်တွေပေါ်ကို နွေးထွေးတဲ့ လက်တစ်စုံက လာဆုတ်ကိုင်လိုက်တာ… မျက်လုံးကို ချက်ချင်း ဖွင့်လိုက်တယ်။
ဝမ်းသာတာလား ပျော်ရွှင်တာလား အံ့သြတာလား မယုံနိုင်တာလား… ခံစားချက်ကို စာဖွဲ့မပြတတ်ဘူး။ ကိုယ့်ဘေးမှာ သက်တောင့်သက်သာ ထိုင်နေတဲ့သူကို တစ်ခါမှ မမြင်ဖူးသူတစ်ယောက်လို ငေးကြည့်ရင်းက သူ့လက်ကို ပြန်ဆုတ်ကိုင်လိုက်မိတယ် (ထင်တယ်)။ ပြီးတော့ ကိုကို လို့ တိုးတိုးခေါ်လိုက်မိတယ် (ထင်တယ်)။ အသံ ထွက်သလား အသံမထွက်ပဲ ပါးစပ်ပဲ လှုပ်ရုံ လှုပ်သွားသလား... မသိတော့ဘူး။။ မေးစရာ မေးခွန်းလည်း မရှိ၊ ပြောစရာ စကားလည်း မရှာတတ်။ တကယ်ကတော့လည်း ဘာဆို ဘာမှ မေးစရာ ပြောစရာ မလိုတော့အောင် အရာရာ ပြည့်စုံသွားခဲ့ပြီပဲ။ အဲဒီအချိန်မှာ သူ ပြုံးနေတာကို မြင်လိုက်ရတော့ ခုနက မျက်စိစုံမှိတ်ထားခဲ့ချိန်တွေအတွက် နောင်တရရင်း ကိုယ်လည်း လှစ်ကနဲ ပြုံးလိုက်မိတယ်။ ပြုံးနေရင်းက လေယာဉ်ပြတင်းဖက်ကို အကြည့်ရောက်သွားတော့ လေယာဉ်ပျံကြီးက ထူထပ် သိပ်သည်းပြီး သိပ်လှတဲ့ တိမ်တိုက်တွေထဲကို ညင်ညင်သာသာ တိုးဝင်နေခဲ့ပြီ…
သက်ဝေ
(၂၉ ဖေဖေါ်ဝါရီ ၂၀၂၀)
Tuesday, March 10, 2020
မြတ်နိုးဝေ
Saturday, March 7, 2020
တောင်မရိုးတွေ လေဟုန်စီးတဲ့ ည
ရွှေလရောင် အိမ်ခေါင်မိုးပေါ်ကျ…
ကြယ်ကလေးတွေ အပြိုင်ဆိုင် ပွင့်တဲ့ည…
ခြံဝင်းအပြင် မြေနီလမ်းပေါ်က
တောင်မရိုးတွေ လေဟုန်စီးတဲ့ ည
လူကြီးတွေ နှစ်ခြိုက်စွာ အိပ်မောကျ
မောင်ခေါ်ရာ မင်းလိုက်မယ် ဆိုတဲ့ ည . . . တဲ့။
သူ အနံ့က ကြာရင် အီလာတတ်ပေမဲ့ ခဏတဖြုတ်ဆိုရင်တော့ ချစ်သူနောက် လိုက်ချင်စိတ် ပေါက်လာတတ်တယ် ထင်ပါရဲ့... လို့ အမတစ်ယောက်က ပြောပါတယ်၊ ဟုတ်မှာပါပဲ အင်မတန် ညွတ်နူးချင်စရာကောင်းတဲ့ မွှေးရနံ့ပါ။
ဒီရက်ပိုင်း စင်္ကာပူကျွန်းလေးရဲ့ တခြားနေရာတော်တော်များများမှာ တောင်မရိုးပင်တွေ ပင်လုံးကျွတ် ဖူးပွင့်နေတယ်လို့ သိရတယ်။ ရာသီမသိ ပန်းနဲ့ ညှိ ဆိုပေမယ့် ဘာပန်းနဲ့မှ ညှိမရတဲ့ ရာသီမရှိတဲ့ ဒီကျွန်းလေးမှာ တော်ရုံ ပန်းတွေကလည်း ရနံ့ကင်းမဲ့လှတယ်။ ထူးထူးခြားခြား ဒီပန်းလေးကတော့ တော်တော်မွှေးတာ တွေ့ရတယ်။ လေသင့်တဲ့အခါ အထပ်မြင့် အိပ်ခန်းထဲအထိ ရောက်လာတတ်တဲ့ မွှေးမြမြ တောင်မရိုး ပန်းရနံ့သင်းနေတဲ့ လေကို ရှူရှိုက်ရတဲ့အခါ ကိုယ့်ရဲ့ စိတ်တွေက အဝေးက ကိုယ့်ဇာတိမြေလေးနဲ့ အမေ့အိမ်လေးဆီကို မကြာခဏ ပြန်ရောက်နေပါတော့တယ်။
သက်ဝေ
(၀၆ ဇန်နဝါရီ ၂၀၂၀)



















